Successful Hip-hop artists

Successful Hip-hop artists

မြန်မာနိုင်ငံမှာ Acid အဖွဲ့ရဲ့ စတင်ခြင်းနဲ့ လူငယ်တွေရဲ့နားထဲ၊ စိတ်ထဲကိုဝင်လာတဲ့ Hip-hop ဂီတဟာ အခုအချိန်မှာ တော်တော်လေး အရှိန်အဟုန်ကောင်းတဲ့ အချိန်ကိုရောက်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ Hip-hop သီချင်းမှန်ရင် လူငယ်၊ လူလတ်ပိုင်းကနေ လူကြီးတချို့များ အထိနားထောင်နေကြပါပြီ။ အရင်တုန်းက Hip-hop ဆိုရင် အမြင်ကတ်ပါတယ်ဆိုသူများတောင် တစ်ပုဒ်စနှစ်ပုဒ်စ နားထောင်လာကြပါပြီ။

စပေါ်ကာစ Hip-Hop တွေကိုလူငယ်တွေ ကြိုက်လို့ လူတိုင်းလိုလိုလိုက်လုပ်ကာ အခွေတွေအများကြီးထွက် နာမည်အထူးအဆန်းပေါင်းစုံနဲ့ လူတွေပေါင်းစုံ Hip-hop သီချင်းတွေဆိုကြကာ သီချင်းကောင်းတဲ့သူတွေလည်း ရှိသလို မကောင်းတာတွေလဲရှိကြပါတယ်။ စစချင်းဖြစ်နေတော့ ၀ယ်ရမယ့်ပရိသတ်ကလည်း Hip-hop ဆိုတာနဲ့ ၀ယ်ဖြစ်နားထောင်ဖြစ်ပြီး ကောင်းတာမကောင်းတာလည်း မစဉ်းစားခဲ့ကြပါဘူး။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ Hip-hop သီချင်းတွေမှာ အဆင့်အတန်းရှိလာကြပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်လောက်အောင်တောင် ပညာပါပါရေးစပ်ဖျော်ဖြေလာကြပါတယ်။ ဒါကြောင့် အခုဆိုရင် တော်ရုံဝါသနာပါရုံ စာရွတ်တတ်ရုံလောက်နဲ့ သီချင်းခွေထုတ်မရနိုင်မှန်း နားလည်သွားကြပါပြီး Hip Hop လောကကြီးမှာ အရည်စစ်သွားတယ်လို့တောင်ပြောနိုင်ပါတယ်။

ယခုနှစ်သင်္ကြန်မှာ “အိုးလေးလှုပ်ပါဟေ့” ဆိုတဲ့ အော်သံတွေ၊ မြို့ကြီးတွေမှာ Rapper တွေလိုဝတ်စားလာ ပြောဆိုလာတဲ့ လူငယ်တွေ၊ လွန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်တုန်းက ဟိုးလေးတကျော်လူတိုင်းသိပြီး အခုအချိန်ထိနားထောင်နေကြတဲ့ MFG ရဲ့ သီချင်းတွေကို ကြည့်ချင်းအားဖြင့် လူငယ်တွေဆီကို ရောက်နိုင်တဲ့ Media ထဲမှာအကောင်းဆုံး Media တစ်ခုဖြစ်ကြောင်းသိနိုင်ပါတယ်။ ဒါကြောင့် Entertainment ဆိုတဲ့ media တစ်ခုအနေနဲ့ မယူဆပဲ Hip-hop ဆိုတဲ့ media လို့တောင်မှ ကျွန်တော်က ခွဲထုတ်ပြီးပြောချင်ပါတယ်။

ဒီလို media တစ်ခုလို့ယူဆလိုက်တဲ့ အချိန်မှာ မေးခွန်းတချို့ ကျွန်တော့်ခေါင်းထဲမှာ ပါလာပါတယ်။ ဒါကတော့ အဲ့ဒီ့ Media သည် Entertainment အပြင် ဘာများ လူငယ်တွေကို အကျိုးပြုနေပြီလဲလို့။ ဒီတော့ content ပိုင်းကို လေ့လာကြရတော့မှာပေါ့။ Content ပိုင်းကိုကြည့်တဲ့အခါမှာ အရင်ကလောက် အလွမ်းတွေ အဆွေးတွေ အချစ်တွေ သူငယ်ချင်းတွေလောက်သာ မဟုတ်ပဲ အကြောင်းအရာမျိုးစုံပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းစပ်တဲ့အကြောင်းအရာ အများစုဟာ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ သီချင်းမျိုးတွေ၊ အချင်းချင်းတိုက်ခိုက်ကြတဲ့ သီချင်းတွေ၊ တစ်ရောက်ကိုတစ်ယောက် ရန်လိုစိမ်ခေါ်နေကြတဲ့ Gangsta Rap တွေ၊ Club တတ်ကြ Party လုပ်ကြနဲ့ ပျော်မြူးကြတဲ့သီချင်းတွေကိုသာ တွေ့ရပြီး ပိုဆိုးတာက Drug related, Sexual related စာသားတွေကို အရင်ကလောက် တင်းတင်းကြပ်ကြပ်မလုပ်တော့ပဲ လျှော့ပေးလာတာကိုတွေ့ရပါတယ်။

ဒီလို လူငယ်တွေကို လွှမ်းမိုးမှုရနေတဲ့ media တစ်ခုမှာ လူငယ်တွေကို အကျိုးရှိစေမယ့် inspirational value, motivational value မရှိတာကိုတွေ့ရတော့ နောင်တစ်ခေတ် နိုင်ငံခေါင်းဆောင်တွေဖြစ်လာမယ့် လူငယ်တွေအတွက် စိုးရိမ်ပူပန်မိပါတယ်။

ဒီလိုသီချင်းတွေနားထောင်ပြီး လက်ထဲမှာ အချိန်ပိုတွေသိပ်များနေတဲ့လူငယ်တွေ ရည်းစားတွေထားကြပြတ်ကျ ပိုဖြစ်နေမလား၊ တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ်တွေ ပိုများနေမလား၊ သူတို့ရဲ့ Idol တွေလိုဖြစ်နေတဲ့ သူတွေသီချင်းတွေထဲမှာ ဆိုတဲ့အတိုင်း Club တွေတက် Party တွေလုပ်ချင်စိတ်တွေပေါက်လာလေမလား၊ ဆေးတွေသုံး၊ မစမ်းသင့်တာတွေ လျှောက်စမ်းနေကြမလားလို့ တွေးပူစရာလေးတွေဖြစ်လာပါပြီ။

ဒီတော့…
Hip Hop အဆိုတော်များ အနေနဲ့ ကိုယ်စိတ်ထဲရှိရာကို ကိုယ်ရေးတဲ့ ဒီလို Hip Hop music နဲ့ နာမည်ရလာပြီးတော့ ပရိသတ်တွေက ကိုယ့်ကို Idol တစ်ယောက်အနေနဲ့ သတ်မှတ်လာတဲ့ အချိန်မှာ Spider-man ရုပ်ရှင်ထဲက Peter Parker ရဲ့ ဦးလေး Ben Parker က“With great power comes great responsibility” လို့ပြောခဲ့သလိုပဲ မိမိစိတ်ထဲရှိတာတွေဟာ မိမိကိုချစ်တဲ့ လေးစားတဲ့ ပရိသတ်အတွက် အဆိပ်အတောက်များ ဖြစ်နေမလားလို့ တခါတလေမှာ စဉ်းစားသင့်ပြီလို့ ထင်မြင်မိကြောင်း သုံးသပ်မိပါတယ်။

စာဖတ်သူ အနေနဲ့ ကျွန်တော်ပြောသွားတဲ့ အချက်တွေနဲ့ ပါတ်သက်လို့ ဆွေးနွေးချင်တယ်ဆိုရင်လဲ Comment လေးတွေထားသွားခဲ့ကြပါလို့…

Share and Enjoy:
  • Digg
  • Google
  • Facebook
  • del.icio.us
  • TwitThis
  • E-mail this story to a friend!

Related posts