
လွန်ခဲ့တဲ့ နှစ်ပါတ်လောက်တုန်းက ကျွန်တော် iTunes U ရဲ့ Top Ten Download ထဲမှာရောက်နေတဲ့ Thomas L. Friedman ရဲ့ ‘The World Is Flat’ ဆိုတဲ့ podcast လေးတစ်ခုနားထောင်ဖြစ်ပါတယ်။ (ဝေဖြိုးကျော်က podcast တွေနားထောင်ပါလို့ ပြောလို့ ဟိုကြည့်ဒီကြည့်ကြည့်ရင်း နားထောင်ဖြစ်သွားတာပေါ့လေ)။တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။
ကမ္ဘာကြီးပြားသွားပြီလို့ သူပြောရတဲ့ အကြောင်းအရင်းကို အကျဉ်းချုံး မှတ်မိသလောက်ပြောပါ့မယ်။
Thomas က India နိုင်ငံ Bangalore ကိုရောက်ပြီး အဲ့ဒီ့မှာ အသုံးပြုနေတဲ့ နည်းပညာတွေ၊ US က အရင် middle-class (စာရေးစာချီ) တွေလုပ်တဲ့ အလုပ်တွေကို India ကို outsourcing လုပ်နေတာတွေကို တွေ့ခဲ့ရတယ်။ ဒါ့အပြင်ကို အမေရိကန် software company ကြီးတွေလို အဆင့်မြင့်တဲ့၊ တန်းတူ စီးပွားရေး techniques တွေကိုသုံးနေတဲ့ company တွေကိုတွေ့ရတယ်။ US ရဲ့ company ကြီးတွေကို maintainance, service နဲ့ call center တွေ provide လုပ်နေတဲ့ Indian company တွေကိုတွေ့ခဲ့ရတယ်။ ဒေါ်လာ သန်းကုဋေပေါင်းများစွာတန် optical cable တွေကို ပင်လယ်တွေ သမုဒ္ဒရာတွေအောက်မှာ မြုပ်နှံပြီး တစ်ကမ္ဘာလုံးမှာ broadband connectivity ကို ရနိုင်အောင် လုပ်လာကြတဲ့နောက်မှာ၊ PC တွေဟာ အဆမတန်ဈေးတွေကျပြီး၊ အဲ့ဒီ့ PC တွေပေါ်မှာ သုံးဖို့ Software ကောင်းတွေ၊ စီးပွားရေးတွေကို အထောက်အကူပြုနိုင်မယ့် software တွေ၊ ဆက်သွယ်ရေး အတွက် အဆင်ပြေလာအောင် ပုံမှန် user တွေအတွက် Google Talk တို့ Skype တို့လိုကနေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အစည်းအဝေးတွေကို မိုင်ဘယ်လောက်ခြားခြား မျက်နှာချင်းဆိုင်ဆွေးနွေးနိုင်လောက်အောင် Teleconferencing software တွေ အစရှိသဖြင့် ဒီရာစုနှစ်မှာ တိုးသထက် တိုးတက်လာပါတယ်။
အဲ့လိုတိုးတက်မှုတွေကြောင့် ကမ္ဘာကြီးမှာ တိုးတက်ပြီးနိုင်ငံတိုင်းဟာ အဲ့ဒီ့အကျိုးကို ခံစားကာ စီးပွားရေးကို အဆမတန် တိုးတက်ပြီး နိုင်ငံစုံနဲ့ ယှဉ်နိုင်လာတာပေါ့။ စီးပွားရေးသမားတွေတင်မဟုတ် အတတ်ပညာရှင်တွေ အသိပညာရှင်တွေဟာလည်း နိုင်ငံတကာကို အလွယ်တကူ ၀င်ဆံ့နိုင်လာပြီး၊ ကျောင်းသားကျောင်းသူတွေဟာလဲ ကမ္ဘာပြားကြီးရဲ့ အဓိက medium လို့ပြောရလောက်တဲ့ www မှနေ ပညာတွေသင်နိုင် မိမိဝါသနာပါရာကို လေ့လာနိုင်၊ နေရာတကာက information ကို Google လို ကမ္ဘာပြားကြီးရဲ့ အထောက်အကူ tool တစ်ခုကိုသုံးပြီး ရှာဖွေနိုင် စည်းပူးနိုင်ပြီပေါ့ဗျာ။ ဒါကို metaphor လေးတစ်ခုအနေနဲ့ “The world is Flat” လို့ Thomas ကခေါင်းစဉ်တပ်ပြီး စာအုပ်လေးတစ်အုပ် ရေးခဲ့ပါတယ်။
အဲ့ဒါလေးကို နားထောင်ပြီး စာအုပ်လေးကို ဟိုရှာဒီရှာနဲ့ တွေ့လို့ နည်းနည်း ဖတ်အပြီးမှာ ကျွန်တော့် ခေါင်းထဲမှာ မေးခွန်းလေးတစ်ခု ပေါ်လာပါတယ်။ ‘ဒီပြားနေတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံကရော ဘယ်လို ပါဝင် ရင်ဘောင်တန်းနေပြီလဲ’ တဲ့။ အဲ့ဒီ့မေးခွန်းကြောင့်ပဲ ကျွန်တော်လည်း စာအုပ်ကိုတောင် ပြီးအောင် မဖတ်နိုင်တော့ပဲ တွေးမိတာလေးတွေကို စာအုပ်လေးတစ်အုပ်မှာ တေးထားခဲ့ရာကနေ.. အခုလို ဆွေးနွေးချင်လာတာပေါ့လေ။
ကဲ… ဒီပြားနေတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံသည် ဘယ်နေရာမှာလဲ?
ကျွန်တော်သိသလောက် ပြောရရင်တော့ International Level မှာ run နေတဲ့ အောင်မြင်နေတဲ့ စီးပွားရေးဆိုတာ ရှားပါတယ်။ တနိုင်တပိုင် စီးပွားရေးတွေ၊ မြို့ကြီးတွေမှာ ဆိုင်ခန်းတွေဖွင့်ထားကြတဲ့ စီးပွားရေးတွေ စတဲ့ micro, nano level business တွေကများပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဒီလို ပြားချပ်နေတဲ့ ကမ္ဘာကြီးရဲ့ အကျိုးကို ဘယ်လိုများ အသုံးချနေပါသလဲလို့မေးလာရင်တော့ ဘယ်လိုမှ အသုံးမချနိုင်ပါဘူးလို့ ငိုမဲ့မဲ့နဲ့ ဖြေရမှာပါပဲ။
ဘာကြောင့်လဲလို့ ပြောရရင် ဒီလိုတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ အဓိကကျတဲ့ communication သည် မြန်မာနိုင်ငံမှာ အများကြီး နောက်ကျကျန်ခဲ့တာကြောင့်လို့ပြောရပါ့မယ်။
နောက်ကျကျန်ခဲ့တဲ့ ဒီနိုင်ငံကြီးကနေ နိုင်ငံခြားကို တစ်နှစ်တစ်နှစ်ကို တရားဝင် အလုပ်သမားကြီးပဲ အနည်းဆုံး ၄ သောင်း သွားနေကြတယ်ပါတယ်။ (ဂျာနယ်တစ်ခု၏ဖေါ်ပြချက် အတိုင်းပေါ့) ဒီ့အပြင် ယခင်တုန်းက ရှစ်တန်း၊ ကိုးတန်းတွေ ဆယ်တန်းအောင်ရင် ဆေးကျောင်းသွားမယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ဆိုသူတွေ၊ ယခုဆို ပိုလီတက်မယ်၊ အော်စီ၊ US သွားမယ်လို့ ဖြစ်ကုန်ကြပြီး တကယ်ထွက်နိုင်ကြ သွားကြသူတွေလည်း အများကြီးပါပဲ။
ဒီလောက်တောင် ထွက်နေကြမှတော့ ဘယ်သူကျန်ဦးမှာလဲ ဆိုတာမေးစရာရှိပါတယ်။
ဘယ်သူတွေကျန်မလဲဆိုတော့ ပညာရေးနဲ့လည်း မမှီ အလုပ်လည်းသွားမလုပ်နိုင်တဲ့သူတွေ၊ အရည်အချင်းရှိပါရဲ့နဲ့ မတတ်နိုင်လို့ မသွားရတဲ့ သူတွေနဲ့ ပညာတတ်ပြီး ခြေချုပ်မိလို့ (အိမ်ထောင်ကျ၊ ကလေးရ စသဖြင့်ပေါ့လေ) မထွက်နိုင်တဲ့ သူတွေသာကျန်ခဲ့ပါတော့တယ်။
သိသိသာသာပါပဲ.. အပြင်ကပိတ်၊ အတွင်းကရိတ်နဲ့ ပြားနေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ မြန်မာပြည်ကြီး ချောက်ကျနေတာပေါ့လေ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေလည်း နိုင်ငံခြားကိုထွက်လာ အတတ်ပညာတွေတတ်ပြီး ကိုယ်တတ်တဲ့ ပညာလေးနဲ့ ကိုယ့်အမိတိုင်းပြည်မှာ စားဝတ်နေရေးအတွက် လုပ်စားကိုင်စား ပြန်နေနိုင်ဖို့ကို စောင့်ရင်းစောင့်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားခံကြရတဲ့ အဖြစ်ကို ရောက်ကြတော့မှာလားဗျာ။
ဘယ်သူမပြု မိမိမှုဆိုသလို မြန်မာနိုင်ငံက လူတိုင်းလူတိုင်း အပျော်တွေကိုလျှော့၊ ကိုရီးယားကားတွေကို ဖြတ်သင့်ရင်ဖြတ်၊ ဟိုဒီသင်တန်း တက်သင့်တာတွေတက်၊ တစ်ပါတ်အနည်းဆုံး တစ်ခါလောက် အနည်းဆုံးတော့ အင်တာနက်လေးသုံးပြီး မိမိကိုယ်ကို မျက်စိဖွင့် နားဖွင့်လူတိုင်း တိုးတက်ဖို့ စလုပ်သင့်ပါပြီ။ ဒါ့အပြင် လူတွေနေ့တိုင်း တွေ့နေ၊ ကြည့်နေ၊ ဖတ်နေ၊ ကြားနေရတဲ့ media တွေကလည်း ပြီးပြီးရော အစီအစဉ်တွေ၊ အရေးအသားတွေ၊ အကြောင်းအရာတွေ၊ performance တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကို လျှော့ပြီး၊ နိုင်ငံတကာ media တွေကို အတုယူကာ မိမိရဲ့ customer တွေကို တကယ်အကျိုးဖြစ်ထွန်းနိုင်မယ့် content တွေကို ဦးစားပေးသင့်နေပါပြီ။ customer တွေကဒါမျိုးတွေပဲ ကြိုက်လို့ဆိုတာ သူတို့တွေ ဒီ့ထက်ကောင်းတာကို မမြင်ဘူး မကြားဘူးလို့ပါ။ မိမိ media ကို လူကြိုက်များလာကနေစပြီး ဒီလည်ပါတ်နေတဲ့ ecosystem ကြီးမှာ တဖြည်းဖြည်း အကျိုးများဖို့ပဲရှိပါတယ်။ Thomas ပြောတဲ့အတိုင်းပြောရရင် “If it’s not happening, then no one is doing it” ဆိုသလို၊ ဘယ်သူမှ မလုပ်သေးလို့ မဖြစ်သေးတဲ့ အချိန်မှာ သူများတွေလို ငါလည်းနေမယ်ကွာလို့ မနေပဲ၊ ဒီလို ဖြစ်လာအောင် ငါကစခဲ့တာပါလို့ လက်မထောင်နိုင်အောင် စသင့်ပြီလို့ ထင်ပါတယ်။
Charles Darwin က “It’s not the strongest species that survive,nor the most intelligent but the one most responsive to changes” လို့ဆိုခဲ့သလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးက လူသားတိုင်းလည်း ပြောင်းလဲနေတဲ့ ဒီကမ္ဘာကြီးမှာ ကောင်းကောင်း adapt မလုပ်နိုင်လို့ရှိရင် ဘယ်အချိန်ထိ ပြားနေတဲ့ ကမ္ဘာကြီးကနေ ကျန်ရစ်ပြီး မြေအောက်ထဲမှာ နေနေရမယ်ဆိုတာ မတွေးဝံ့စရာပါပဲဗျာ…

ကောင်းသဟေ့….
very cool!
@mnl @hhw thanks guys
Some referrals about the site will be appreciated.
this is remind to me.
Pingback: Discotheque Maung.com » Interesting Article That I Read
Very nice article. I shared the link on my site.
Thanks. I did commented there too
Pingback: Year in Review: Best of mmhan.net for 2008 - mmhan's gone comical!
good post par byar!i taked a copy!u may be happy!