ပျော်ရွှင်မှု အမှတ် ခုနစ်

Published on 🔗

Everything is F*cked - A book about hope မကျဉ်းတကျဉ်းချုပ် အပိုင်း၃

အပိုင်း၁ နဲ့ အပိုင်း၂ မဖတ်ရသေးရင် ဖတ်လိုက်ဦးနော်။

Chapter 7

သုသေသနတွေအများကြီးရှိခဲ့ဖူးပါတယ်။ လူတွေကို အပြာရောင် အစက််လေးတွေနဲ့ ခရမ်းရောင်အစက်လေးတွေကိုရောပြီး အစက်ပေါင်းတစ်ထောင်ကိုပြတယ်တဲ့။ အစပိုင်းမှာ အပြာရောင်များများပြပြီး နောက်ပိုင်းမှာ အပြာရောင်ကိုလျှော့ပြတဲ့အခါကြရင် လူတွေဟာ ခရမ်းရောင်အစက်တွေကို အပြာရောင်လို့မှားမှားမြင်တတ်ကြတယ်တဲ့။ အဲ့လိုပဲ စိတ်ဆိုးနေတဲ့မျက်နှာ၊ ရန်ပြုချင်တဲ့မျက်နှာတွေနဲ့ ပုံမှန်မျက်နှာ ပြုံးနေတဲ့မျက်နှာတွေကိုရောပြကြပြန်တဲ့အခါမှာလည်း အစပိုင်းမှာ စိတ်ဆိုး၊ ရန်ပြုတဲ့မျက်နှာတွေ အမြင်များတဲ့သူတွေဟာ နောက်ပိုင်းပုံမှန်မျက်နှာ၊ ပြုံးနေတဲ့မျက်နှာတွေကို အထင်လွဲကြပြီး စိတ်ဆိုး၊ ရန်ပြုနေတဲ့မျက်နှာလို့မြင်လာကြတယ်တဲ့။ တွေ့ရှိချက်ကတော့ လူတွေဟာ မြင်နေကြအရာတွေကို အခြေခံပြီး ဒါမျိုးတွေပဲ မြင်ရတော့မယ်ဆိုတဲ့ expectation တွေရှိနေကြတဲ့အခါ တကယ်မဟုတ်တောင်မှ အမြင်တွေလွဲပြီးမြင်တတ်ကြတယ်ဆိုတာပဲ။

ကိုယ့်ကိုရန်လုပ်မယ့် အရာတွေကို ရှာလေလေ၊ ဘယ်လောက်ပဲ လုံခြုံအေးချမ်းနေပါစေဦး ရန်တွေ အန္တရာယ်တွေကို ပိုမြင်လေလေပဲ။ အစစအရာရာပြည့်စုံအေးချမ်းပြီး ချစားမှုကင်းမဲ့၊ လိမ်ညာမှုကင်းမဲ့၊ တစ်ဦးနဲ့တစ်ဦး နာကျင်အောင်မလုပ်နေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကို ရောက်သွားရင်တောင်မှ မဆိုစလောက်တဲ့ ကိစ္စလေးတွေနဲ့ ကျွန်တော်တို့တွေဟာ စိတ်ဆင်းရဲနေရမှာပဲ။ လူတွေရဲ့ ပြဿနာကြီးတွေကို ရှင်းလိုက်နိုင်ရင် ပြဿနာသေးတွေဟာ လူတွေကို အညီအမျှ စိတ်ဒုက္ခပေးနေဦးမှာပါပဲ။

ကျွန်တော်တို့တွေပြဿနာတစ်ခုတွေ့လိုက်လို့ ဖြစ်လာတဲ့ စိတ်ခံစားမှုတွေဟာ ပြဿနာအသေးအကြီးနဲ့မဆိုင်ပါဘူး။ ကိုယ့်စိတ်မှာရှိနေတဲ့ အဲ့ဒီ့ပြဿနာနဲ့ပါတ်သက်လို့ ဖြစ်သင့်တယ်ဆိုတဲ့ expectation နဲ့ ကိုက်ညီတဲ့ စိတ်ခံစားမှုတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ ပစ္စည်းဥစ္စာတွေ လုံခြုံမှုတွေရှိနေတဲ့ဘဝကြောင့် ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ပေါ့ပါးရွှင်လန်းသွားပြီး ပြဿနာအသေးအမွှားတွေကို မမှုတော့မှာမဟုတ်ပါဘူး။ အတ္တတွေပိုကြီးလာ ကလေးပိုဆန်လာပြီး ခြတောင်ပို့လောက်ပြဿနာကို တောင်လောက်ကြီးတဲ့ ပြဿနာလို့ပဲမြင်လာတတ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ရန်ဖြစ်နေကြနေကြဦးမှာပါပဲ။

Einstein ရဲ့ relativity theory လိုပဲ ကျွန်တော်တို့ရဲ့ စိတ်ရောကိုယ်ရော နာကျင်မှုအပေါ်အမြင်နဲ့ ကျွန်တော်တို့ရဲ့ အဲ့ဒီ့နာကျင်မှုကြောင့်ဖြစ်ပေါ်လာရတဲ့ ခံစားမှုဟာ ကျွန်တော်တို့ရဲ့ အမြင်တွေပေါ်အများကြီးမူတည်ပါတယ်။ သုသေသနတွေအများကြီးမှာတွေ့ရတာဟာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ၁ ကနေ ၁၀ အမှတ်ပေးကြကြေးဆိုရင် အချိန်တော်တော်များများမှာ ကျွန်တော်တို့ဟာ ၇ မှာ ရှိနေကြပါတယ်တဲ့။ အမေဖြစ်တဲ့သူ ကင်ဆာရလို့၊ အိမ်အကြွေးမပေးနိုင်လို့၊ သားဖြစ်တဲ့သူ accident ဖြစ်လို့ အဲ့ဒီ့ ပျော်ရွှင်မှု အမှတ်ဟာ ရုတ်တရက် ထိုးကျသွားပေမယ့် အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ၇ကို ပြန်ရောက်ပါတယ်တဲ့။ အလုပ်မှာ ဘောက်စူးအကြီးကြီးရလို့၊ အပျော်ခရီးအရှည်ကြီးသွားရလို့၊ မင်္ဂလာဆောင်ရလို့ အမှတ်ထိုးတက်သွားပေမယ့်လည်း အချိန်အနည်းငယ်အတွင်းမှာပဲ ၇ ကိုပြန်ရောက်လာတာပါပဲတဲ့။ လူတိုင်းဟာ အချိန်တိုင်းမှာ ပြီးပြည့်စုံနေတဲ့ ပျော်ရွှင်မှုမရကြပါဘူး။ ဘဝဟာ အဲ့ဒီ့ ၇ ကနေ အပေါ်တက်လိုက် အောက်ကျလိုက်နဲ့ အမြဲဖြစ်နေတာပါပဲ။ အဲ့ဒီ့ ၇ ကြောင့် ကျွန်တော်တို့ဟာ အမြဲတမ်းလိုလို မတည်မြဲတဲ့ ၁၀ နောက်ကိုလိုက်နေကြတာပေါ့။

အလုပ်သစ်ရရင် ပျော်ပါပြီဆိုပြီး အလုပ်သစ်ကိုရအောင်လုပ်ကြ၊ ရပြီး တစ်လနှစ်လလောက်ကြာတော့ အိမ်အသစ်ဝယ်နိုင်ရင် ပျော်ပါပြီဆိုပြီး ဝယ်နိုင်အောင်လုပ်ကြ၊ ဝယ်ပြီး တစ်လနှစ်လလောက်ကြတော့ ကမ်းခြေကို အပျော်ခရီးထွက်ရရင် ပျော်ပါပြီဆိုပြီး သွားဖို့လုပ်ကြပြန်ရော။ ကမ်းခြေရောက်နေချိန် ဘာဖြစ်လဲ၊ ငါ cocktail လေးတစ်ခွက်လက်ထဲမှာရှိရင် ပျော်ပါပြီဖြစ်ပြန်ရော။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘယ်လောက်ပဲပြာနေပါစေဦး စိတ်ထဲမှာ တိမ်အနည်းငယ်ဖုံးပြီး စိတ်အလိုမကျဖြစ်နေကြတာပါပဲ။ အဲ့ဒီ့ treadmill ကြီးပေါ်မှာ မတည်မြဲတဲ့ ၁၀ ကိုလိုက်ရင်း ရလာလိုက်တဲ့ အရာတွေအပေါ် အမြင်လေးတွေပြောင်းကာ ဘယ်နေရာရောက်ရောက် ၁၀ အသစ်ကို ထပ်လိုက်နေဦးမှာပါပဲ။

ဒုက္ခဆိုတာဟာ ရှောင်လွှဲလို့မရပါဘူး။ ဒုက္ခကိုရှောင်လေလေ အရင်တုန်းက မဟုတ်ခဲ့တဲ့ ဒုက္ခတွေဟာ ဒုက္ခအသွင်ပြောင်းလာလေလေပါပဲ။

ဒေါ်လာသန်းချီပြီး ထီပေါက်တဲ့သူလည်း တစ်သက်လုံးပျော်မနေပဲ အချိန်တစ်ခုကြာပြီးရင် အရင်လိုစိတ်ပဲပြန်ဖြစ်တာပဲ။ မတော်တဆတစ်ခုခုကြောင့် ခန္ဓာကိုယ်တစ်ပိုင်းသေသူတွေလည်း တစ်သက်လုံးစိတ်ဆင်းရဲမနေပဲ အချိန်တစ်ခုကြာပြီးရင် အရင်လိုစိတ်ပဲပြန်ဖြစ်တာပဲ။

နာကျင်မှုဟာ ဘဝရဲ့ ကိန်းသေတစ်ခုပါပဲ။ စိတ်ခံစားမှုကောင်းနေတာဟာ နာကျင်မှုတခဏပျောက်သွားလို့ပါ၊ စိတ်ခံစားမှုမကောင်းတာဟာ နာကျင်မှုတိုးပွားလာလို့ပါ။ နာကျင်မှုကို ထုံကျင်နေအောင်လုပ်ခြင်းအားဖြင့် ခံစားမှုအားလုံးကိုထုံကျင်အောင်လုပ်ပြီး ဘဝတစ်ခုကိုမနေတော့သလိုပါပဲ။

ဒါကြောင့် မျှော်လင့်ချက်ဆိုတာ အင်မတန်ဆိုးဝါးတဲ့အရာပဲ။ ဘယ်လောက်ပဲ ဘဝကြီးဟာ ကောင်းနေပါစေ မျှော်လင့်ချက်အသစ်ဖြစ်ဖြစ်လာပြီး ပိုပိုလိုချင်လေလေပဲ။

ဒါ့ကြောင့် ဘဝကို ကောင်းမွန်စွာနေထိုင်ခြင်းဟာ နာကျင်မှုဒုက္ခကို ရှောင်ဖယ်နိုင်ခြင်းမဟုတ်ပဲ မှန်ကန်တဲ့ အကြောင်းပြချက်တွေအတွက် နာကျင်မှုတွေကို ခါးစီးခံခြင်းသာဟာ ကောင်းမွန်စွာနေထိုင်ခြင်းဖြစ်ပါတယ်။ အသက်ရှင်နေသ၍ ဒုက္ခခံနေရဦးမယ်ဆိုမှတော့ ဒုက္ခမှန်မှန်တွေသာ​ ရွေးခံသင့်တာပေါ့။

ကျွန်တော်တို့တွေဟာ အရာရာကို ရင်ဆိုင်နိုင်တဲ့ အစွမ်းရှိသလို၊ အရာရာမှာကျဆုံးနိုင်စွမ်းလည်းရှိပါတယ်။ လေ့ကျင့်ခန်းတွေလုပ်လေလေ ခန္ဓာကိုယ်သန်မာလာလေလေဖြစ်ပြီး၊ အားအားယားယား Netflix ပဲထိုင်ကြည့်နေလေလေ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေပျော့ညံ့လေလေဖြစ်ပါတယ်။ စိတ်ဟာလည်း အဲ့လိုပါပဲ အခက်အခဲတွေကို တွေ့ကြုံခံစားပြီး သင်ယူနိုင်သလို၊ အခက်အခဲတွေကို ရှောင်လွှဲလေလေ စိတ်ဓါတ်ပျော့ညံ့လေလေဖြစ်နေမှာပါပဲ။ နာကျင်မှုဟာ ဘဝရဲ့ ကိန်းသေတစ်ခုဖြစ်နေချိန်၊ ဘဝတွေဘယ်လောက်ကောင်းကောင်း ဘယ်လောက်ဆိုးဆိုး နာကျင်မှုရှိနေချိန်မှာ ရှိနေတဲ့ မေးခွန်းဟာ မင်းဘယ်လိုရင်ဆိုင်မှာလဲ၊ ရှောင်လွှဲမှာလဲဆိုတာပါပဲ။

မင်းလုပ်သမျှအရာတိုင်း မင်းဆိုတဲ့လူတစ်ယောက် မင်းတန်ဖိုးထားတဲ့အရာတိုင်းဟာ အဲ့ဒီ့ မေးခွန်းရဲ့ အဖြေပေါ်မှာမူတည်နေပါတယ် - မင်းရဲ့ လူမှုဆက်ဆံရေး၊ မင်းရဲ့ ကျန်းမာရေး၊ မင်းရဲ့အလုပ်၊ မင်းရဲ့ စိတ်တည်ငြိမ်မှု၊ မင်းရဲ့ လေးစားနိုင်မှု ယုံကြည်နိုင်မှု ခွင့်လွှတ်နိုင်မှု တန်ဖိုးထားနိုင်မှု နားထောင်နိုင်မှု သင်ယူနိုင်မှု ကရုဏာ ဒါတွေအကုန်လုံးပဲပေါ့။ အဲ့ဒီ့ထဲက ဘယ်အရာမှာမဆို နာကျင်မှုကို ရှောင်လွှဲလိုက်တိုင်းမှာ မင်းမှာ ပျော့ညံ့မှုတွေဖြစ်ပေါ်လာမှာပါပဲ။

တကမ္ဘာလုံးက လူတိုင်းရဲ့ နာကျင်မှုကို ခံနိုင်စွမ်းဟာ အရှိန်အဟုန်နဲ့ ထိုးဆင်းနေပါတယ်။ အဲ့လိုထိုးဆင်းနေတာနဲ့အမျှ ပျော်ရွှင်မှုကိုရဖို့ခက်ခဲလာသလို ခံစားမှုတွေဟာလည်း ထိလွယ်ရှလွယ်ဖြစ်လာနေပြီး အရာရာတိုင်းဟာ ရီးဖြစ်နေတယ်လို့ မြင်လာကြတာပေါ့။

အနောက်တိုင်းသားတွေအများစုသိကြတဲ့ တရားထိုင်တယ်ဆိုတာ ယောဂဘောင်းဘီလေးဝတ် သက်တောင့်သက်သာလေးမျက်စိတ်မှိတ်ထိုင်ပြီး App ထဲက ပြောသမျှကိုနားထောင်ကာ စိတ်ပေါ့ပါးရွှင်လန်းသွားဖို့လောက်သာသိကြပါတယ်။

တကယ့် ဗုဒ္ဓဘာသာနည်းလမ်းတကျ တရားထိုင်ကျမယ်ဆိုရင်တော့ အဲ့ထက်အများကြီးပြင်းထန်နက်နဲပါတယ်။ ငြိမ်သက်စွာထိုင်ပြီး ကိုယ့်ကိုယ်ကို မညှာမတာလေ့လာခြင်းပါပဲ။ အတွေးတိုင်း၊ ဆုံးဖြတ်ချက်တိုင်း၊ စိတ်ယိုင်မှုတိုင်း၊ ဟိုနားယားဒီနားကိုက်တိုင်း၊ စိတ်ခံစားမှုတိုင်းကို ဖမ်းယူ၊ အသိအမှတ်ပြုပြီး၊ လွှတ်ချလိုက်ရတဲ့ မပြီးဆုံးနိုင်တဲ့ စိတ်လေ့ကျင့်ခန်းတစ်ခုပါပဲ။ လူတိုင်းဟာ ငါတရားမထိုင်တတ်ဘူး၊​ တရားထိုင်ရာမှာ ညံ့တယ်လို့ကိုယ့်ကိုယ်ကိုပြောနေပေမယ့် အဲ့ဒီ့ညံ့တာကိုယ်လက်ခံ ပိုက်ထွေးပြီးထိုင်ရမှာပါ။ တရားထိုင်တာဟာ စိတ်ရဲ့ ကြွက်သားတွေသန်မာ တောင့်တင်းလာအောင် လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ ဗီယက်နမ်နိုင်ငံက တရားထိုင်ရင်း ဆန္ဒပြကာ ကိုယ့်ကိုကိုယ်မီးရှို့သတ်သေသွားတဲ့ ဘုန်းကြီးကို ကြည့်ပါဦး နာကျင်မှုကို ခံစား အသိအမှတ်ပြု လွှတ်ချပြီး မတုန်မလှုပ်နဲ့ အသတ်အသေခံသွားခဲ့တာပါ။

နာကျင်မှုဟာ မြှားနှစ်စဉ်းနဲ့တူတယ်လို့ ဗုဒ္ဓပြောဖူးတာရှိပါတယ်။ ပထမမြှားဟာ ကိုယ်ကိုထိတဲ့ နာကျင်မှု - အသားကိုဖောက်ထွက်သွားတဲ့ နာကျင်မှုဖြစ်ပြီး ဒုတိယမြှားဟာ အဲ့ဒီ့မြှားထိတဲ့ ဒါဏ်ရာနောက်က အကျိုးအကြောင်းတွေ ဇာတ်လမ်းတွေ ထိသင့်တယ် မထိသင့်ဘူးတွေကတဆင့် ဖြစ်တည်လာတဲ့ စိတ်ရဲ့နာကျင်မှုပါတဲ့။ အချိန်အတော်များများမှာ စိတ်ကိုထိတဲ့နာကျင်မှုဟာ ကိုယ်ကိုထိတဲ့နာကျင်မှုထက် ပြင်းထန်ပြီး ရောဂါရှည်ပါတယ်တဲ့။ တရားထိုင်တာများလာတာနဲ့အမျှ ကိုယ်ကိုထိတဲ့နာကျင်မှုကိုသာ ခံစားရပြီး စိတ်ကိုထိတဲ့ နာကျင်မှုကို တောင့်ခံနိုင်လာပါလိမ့်မယ်တဲ့။

ကလေးစိတ်နဲ့လူတွေဟာ နာကျင်မှုကို မခံနိုင်ကြပါဘူး သူတို့ရဲ့ ဘဝဟာ နာကျင်မှုကို ရှောင်လွှဲဖို့သာ ဖြစ်တည်နေကြတာပါ။ ကြီးကောင်ပေါက်စိတ်နဲ့လူတွေတွေကတော့ ပိုပြီးအနာခံနိုင်ကြပါတယ်၊ သူတို့အတွက် အပေးအယူတွေလုပ်ရင်း ဘဝကိုဖြတ်သန်းဖို့အတွက် နာကျင်မှုကိုခံကြပါတယ်။ အလုပ်ကောင်းကောင်းရဖို့အတွက် ကျောင်းမှာ ဒါဏ်ခံကြမယ်၊ မိသားစုနဲ့ အချိန်ရဖို့အတွက် မကြိုက်တဲ့ တစ်အိမ်ထဲမှာနေတဲ့ အမျိုးရဲ့ ဒါဏ်ကို ခံကြမယ်၊ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်တဲ့ဒါဏ်ကိုခံပြီး ဆက်ဆီကျကျ ခန္ဓာကိုယ်ကိုရအောင်လုပ်မယ် စသဖြင့်ပေါ့။ အဲ့မှာ အပေးအယူမမျှမတဖြစ်လာခဲ့ရင်တော့ ပြဿနာပဲ။ ငါဒီလောက်တောင် ဒါဏ်ခံပြီးမှ ဒါလေးတောင်ပြန်မရဘူး ဘာ့ကြောင့်လုပ်ရမှာလဲ ဆိုတဲ့ စကားမျိုးလေးတွေထွက်လာမယ်။ အဲ့လိုဖြစ်ပြီး မျှော်လင့်ချက်ပျောက်ဆုံးတော့ အရာရာ နတ္တိဆိုပြီး existential crisis တွေဖြစ်လာတာပေါ့။

လူကြီးစိတ်ရှိတဲ့လူတွေကတော့ နာကျင်မှုကို အင်မတန်ခံနိုင်ကြတယ်။​ ဘဝမှာ အဓိပ္ပါယ်ရှိဖို့ နာကျင်မှုလိုအပ်တယ်ဆိုတာကို နားလည်ကြတယ်။ ကိုယ်လုပ်တဲ့ အကြောင်းကြောင့် အကျိုးတစ်ခု ပြန်ရသည်မရသည်ကို မမှုပဲ အချိန်တိုင်းမှာ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ကြပါတယ်။

အဲ့လိုကျင့်ကြံနိုင်ဖို့ဟာ ကျွန်တော်တို့ မျှော်လင့်ချက်ကို မလိုအပ်တော့ပဲနေနိုင်ဖို့အတွက် အရေးအကြီးဆုံးပါပဲ။

အဲ့တော့ ပျော်ရွှင်မှုနောက်ကို မလိုက်ပဲ နာကျင်မှုနောက်ကိုလိုက်ပါ။ နာကျင်မှုနောက်ကိုလိုက်တဲ့အခါမှာ ဘယ်လိုနာကျင်မှုကိုလိုက်မလဲဆိုတာကို ရွေးချယ်ပါ။ နာကျင်မှုကို ထုံကျင်စွာခံဖို့မဟုတ်ပဲ၊ မျက်နှာမလွှဲပဲ ရင်ဆိုင်ပြီး သင်ယူပါ၊ တန်ဖိုးထားပါ၊ အဲ့ဒီ့နာကျင်မှုကနေ အဓိပ္ပါယ်ရှာဖွေပါ။


ကဲဒီမှာ နောက်တစ်ပိုင်းထပ်ဖြတ်လိုက်ကြဦးစို့။ နောက်တစ်ပိုင်းကို နောက်တစ်ပါတ်မှာ ဆက်ရေးပြီးတင်ပေးသွားပါမယ်။