Self-study လုပ်ရင် သတိထားရမယ့် ၁၀ ချက်

Published on 🔗

ကျွန်တော် mentor လုပ်နေတဲ့ Ruby on Rails self-study group ထဲက ညီကိုမောင်နှမများကို သတိပြုမိစေဖို့ ဒီစာလေးကို ရေးလိုက်ရပါတယ်။

Remember to take breaks

ဘာစာမှမလုပ်ခင်မှာ အနားယူခိုင်းတာမဟုတ်ဘူးနော်။ စာလုပ်ပြီဆိုပြီးထိုင်လိုက်ပြီဆိုရင် နှစ်နာရီ သုံးနာရီတကြိုက်ထဲလုပ်တာမျိုးထက် ၂၅ မိနစ် နာရီဝက်လောက်လုပ်ပြီးတိုင်းမှာ ၅ မိနစ်လောက် အနားယူခိုင်းတာ။

လူတွေရဲ့ အာရုံစူးစိုက်နိုင်မှုက အများဆုံး လေးဆယ့်ငါးမိနစ်နဲ့ နာရီဝက်ကြားပဲ ရှိတယ်လို့ သုသေသနတွေက ပြောကြတယ်။ အဲ့ထက်ပိုပြီးကြာကြာ အာရုံစူးစိုက်ရရင် အထူးသဖြင့် သင်ယူတဲ့အချိန်မှာ အာရုံထွေပြားပြီး အချိန်ပေးသလောက် ခရီးမရောက်တာမျိုး မဖြစ်ဖို့အတွက် အနားယူခိုင်းတာပါ။

အနားယူချိန်မှာလည်း မိမိရဲ့ စိတ်ကို ပြန်လည် အနားပေးနိုင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာမျိုးဖြစ်တဲ့အတွက် ဖုန်းဖွင့်ပြီး ဖွဘွတ်ထိုင်ပွတ်တာမျိုး၊ ဂိမ်းထိုင်ဆော့လိုက်တာမျိုးထက်စာရင်၊ မတ်တပ်ထပြီး လမ်းခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်တာမျိုး၊ ခြေဆန့်လက်ဆန့် အကြောဆန့်လိုက်တာမျိုး၊ သီချင်းတစ်ပုဒ်နှစ်ပုဒ်လောက် နားထောင်လိုက်တာမျိုး၊ ဝင်လေထွက်လေမှတ်ပြီး တရားခဏထိုင်လိုက်တာမျိုးဟာသည် အကောင်းဆုံးဖြစ်ပါတယ်လို့ ပြောကြပါတယ်။

အနားယူဖို့အတွက် စိတ်ဟာ ပြဿနာတစ်ခု သင်ခန်းစာတစ်ခုကို အနီးကပ်ကြည့်နေရာကို ဖြတ်ပစ်ရပါတယ်။ အနားယူပြီးပြန်လုပ်တော့မယ်လည်းဆိုရော ချက်ချင်း အနီးကပ်ကြည့်တဲ့ မြင်ကွင်းကို ရတာမဟုတ်ပဲ အဝေးကခက်ခွာခွာကြည့်တဲ့ မြင်ကွင်းကနေမှ တဆင့် အနီးကပ်ကို ပြန်ရောက်လာမှာပါ။ အဲ့လို ခပ်ခွာခွာကြည့်တဲ့ မြင်ကွင်းဟာလည်း စာသင်သူတစ်ယောက်အတွက် အရေးကြီးတဲ့ အမြင်ဖြစ်တဲ့အတွက် အနားမှန်မှန်ယူပြီးတော့ အဲ့ဒီ့ Bird’s eye view မြင်ကွင်းကိုရဖို့ အထောက်အကူဖြစ်ပါတယ်။

Sleep well

စာက စမလုပ်ရသေးဘူး အနားယူဖို့ အိပ်ဖို့ ပြောနေပြီလို့ မတွေးပါနဲ့။ Software Engineer တစ်ယောက်ဖြစ်ပြီဆိုရင် efficiency နဲ့ effectiveness က အမြဲတမ်းစဉ်းစားရတဲ့ အရာတစ်ခုပါ။ အဲ့တော့ software engineer တစ်ယောက်ဖြစ်ဖို့ သင်ယူနေတဲ့လူတစ်ယောက်ဟာ သင်ယူတာကိုပါ efficient ဖြစ်ဖြစ် effective ဖြစ်ဖြစ် သင်ယူနိုင်ရင် ပိုပြီးခရီးတိုတိုနဲ့ မြန်မြန်ရောက်မှာမို့ပါ။

အိပ်ရေးမဝရင်ပဲဖြစ်ဖြစ် အိပ်ချိန်အရမ်းများရင်ပဲဖြစ်ဖြစ် sleep quality မကောင်းရင်ပဲဖြစ်ဖြစ် နေလို့ထိုင်လို့မကောင်းသလို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ကိုလဲထိခိုက်နိုင်ပါတယ်။ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်နဲ့ သင်ယူနေရမယ့်အချိန် software development လုပ်နေရမယ့် အချိန်ဖြစ်တဲ့အတွက် ကောင်းကောင်းအိပ်ဖို့ အများကြီးလိုအပ်ပါတယ်။

အဲ့တော့ တနေ့ကို ၇နာရီကနေ ၉နာရီရအောင်အိပ်ပါ။ တစ်ညလုံး မအိပ်မနေ စာလုပ်တယ် အလုပ်လုပ်တယ်ဆိုတာဟာ ရုပ်ရှင်တွေထဲမှာပဲ ကြည့်လို့ကောင်းတာဖြစ်ပြီး အပြင်မှာ နောက်နေ့တွေကျရင် မဖြစ်မနေပြန်ခံရပါတယ်။ (ကိုယ်တွေ့နော်)

Study at a dedicated space

စာလုပ်ဖို့အတွက် အာရုံစူးစိုက်လို့ရမယ့် နေရာတစ်ခု သတ်သတ်မှတ်မှတ်ထားပါဆိုတာ ပြောရရင်တော့ အလွယ်လေးပဲ။ Common sense တစ်ခုလိုပေါ့။ လိုက်လုပ်ဖို့သာ ခက်တာ။

အိမ်မှာနေရင်း စာလုပ်ရတဲ့အခါမှာ ဧည့်ခန်းထဲမှာ သူများ TV ဖွင့်ထားတုန်း လုပ်ရတာရှိမယ်၊ ထမင်းစားပွဲမှာလုပ်ရတာရှိမယ်၊ အိပ်ရာပေါ်မှာလုပ်ရတာရှိမယ်။ ပုံစံမျိုးစုံပေါ့။ PC ဘုံးကြီးကို ဘယ်မှရွှေ့မရလို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် perfect ဖြစ်တဲ့ စာလုပ်ရမယ့်နေရာမျိုးကို မရနိုင်တာဖြစ်နိုင်ပါတယ်။

အကြားအာရုံကို အဆင်ပြေစေဖို့ နားကြပ်တတ်ပြီး စာသားမပါတဲ့ သီချင်းတွေဖွင့်ထားပါ။ (ကျွန်တော့်အကြိုက်ကတော့ Command and Conquer soundtrack တို့ Lord of the Rings soundtrack တို့ပါ)

အမြင်အာရုံကို အဆင်ပြေစေဖို့ TV တို့ တခြားလူတို့ကို ကျောပေးပြီးထိုင်ပါ။

ခါးကို မတ်မတ်ထားပြီး comfortable ဖြစ်အောင်ထိုင်နိုင်တဲ့နေရာကိုရွေးပါ။ (ငယ်ငယ်က ကျောမှီမပါပဲ ထိုင်တာများတဲ့ ကျွန်တော်ဟာ အခုဆို နည်းနည်းလေးကြာတာနဲ့ ကျောကအောင့်တတ်ပါတယ်)

စာလုပ်တဲ့အခါလိုတဲ့ ပစ္စည်းတွေကို အနားမှာဆောင်ထားပါ။ ကွန်ပျူတာထဲမှာပဲ အကုန်မှတ်တယ်ဆိုရင်တောင်မှ ငါစာလုပ်နေတာပါဆိုတာ ကြည့်လိုက်တာနဲ့သိပြီး လာမနှောက်ယှက်ရအောင် notebook လေးတစ်အုပ်လောက်ကို ဘေးနားထားထားပါ။ ဖုန်းက ဝင်လာနိုင်သမျှ နိုတီတွေကို ပိတ်ထားပါ။

Skim first then scan

စာတစ်ခုကိုဖတ်တဲ့အခါ အရင်ဆုံး survey သို့မဟုတ် skim လုပ်ပါ။ ပြီးရင် အဲ့ အကြောင်းအရာမှာ ကိုယ်မသိတဲ့ ကိုယ်နားမလည်တဲ့အချက်တွေကို question ထုတ်ပါ။ ကိုယ်ထုတ်ထားတဲ့ question တွေကို အဲ့ဒီ့ဖတ်နေတဲ့ စာပိုဒ်ထဲမှာပဲ scan လုပ်ပြီး အဖြေရှာပါ။

အဲ့လိုလုပ်ပါများလာတာနဲ့အမျှ information အများကြီးကို အချိန်တိုတိုအတွင်းမှာ absorb လုပ်နိုင်ပါလိမ့်မယ်။

ပိုပြီး ထဲထဲနက်နက်သိချင်ရင် ဒီစာကို ဖတ်ကြည့်ပါ။

There is nothing you need to memorise

Programming နဲ့ ပါတ်သက်လို့ အကြိုက်ဆုံး အချက်ကိုပြောပါဆိုရင် ဒါပဲဖြစ်မယ်။ ဘာကိုမှ နှုတ်တိုက်အလွတ်ကျက်စရာ မလိုတာပေါ့။

အလွတ်ကျက်စရာ မလိုရင် ဘာကို သင်ယူနေတာလဲဆိုတော့ concept တွေ၊ structure တွေ၊ ပြဿနာအတွက် အဖြေရှာပုံရှာနည်းတွေ၊ logic ပိုင်းတွေကို နားလည်အောင်လေ့လာသင်ယူနေတာပေါ့။

အလွတ်မကျက်ရင် ဘယ်လိုမှတ်မိမလဲဆိုရင်တော့ နားလည်အောင်လုပ်ခြင်းနဲ့ အဲ့ဒီ့နားလည်ထားတဲ့ အရာကို ဘယ်လိုပြန်ရှာရမလဲဆိုတဲ့ Keyword တွေကို မှတ်သားခြင်းနဲ့ မှတ်မိအောင်လုပ်နိုင်ပါတယ်။

Always take notes

အဲ့တော့ keyword တွေ၊ နားလည်ထားတဲ့အရာတွေကို notebook ထဲပဲဖြစ်ဖြစ်၊ notion လို software တစ်ခုခုသုံးပြီးဖြစ်ဖြစ် ချရေးပါ။ (ကျွန်တော်လုပ်ခိုင်းတဲ့ study journal ဟာ အဲ့ဒီ့အတွက် အင်မတန်အသုံးဝင်ပါတယ်)

စာဖတ်တဲ့အခါမှာ တစ်ခါ information တွေကို နားလည်အောင် process လုပ်ရပါတယ်။ noteထဲကို ချရေးတဲ့အခါမှာ အဲ့ information ကို နောက်တစ်ခါပြန်ဖတ်မယ့် ကိုယ့်ကိုကိုယ်နားလည်အောင် ဘယ်လိုမှတ်ရင်ကောင်းမလဲဆိုတာမျိုး တစ်ခါ process လုပ်ရပြန်ပါတယ်။

ပြီးရင် သင်ခန်းစာတစ်ခုလုံးပြီးလို့ဖြစ်စေ၊ တစ်နေ့စာ စာသင်ရာကနေနားတော့မယ့်အချိန်မှာဖြစ်စေ၊ ချရေးထားသမျှကို တစ်ခေါက်ပြန်ဖတ်ပြီး နားလည်ပါသလားဆိုတာကို ကြိုးစားပြီး review လုပ်ပါ။ အဲ့ဒီ့မှာ နောက်တစ်ခါ ပြန် process လုပ်ရပြန်ပါတယ်။

ဒီလိုသုံးခါလောက် process လုပ်ပြီးပြီဆိုရင် အနည်းနဲ့အများ လိုအပ်တဲ့အချိန်မှာ ပြန်ပြီး ကိုးကား နွှေးယူကာ အသုံးချဖို့ အဆင်သင့်ဖြစ်လောက်ပါပြီ။

မမှတ်မိခဲ့ရင်တောင်မှ keyword တွေကို ချမှတ်ထားတဲ့ အတွက် Google မှာ ပြန်ရှာဖွေဖို့ မခက်ခဲတော့ပါဘူး။

Browser bookmarks are your friend

Self-study လုပ်တဲ့လူတစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ ဖတ်ရတဲ့ အင်တာနက်စာမျက်နှာပေါင်း မနည်းမနောရှိပါတယ်။ အဲ့တော့ အဲ့စာမျက်နှာတွေကို Bookmark လုပ်ပြီး သိမ်းထားသင့်ပါတယ်။

အသစ်အသစ်သော Bookmark တွေကို Inbox လို့ နာမည်ပေးထားတဲ့ Folder ထဲမှာစုပြုံထည့်ပြီးတဲ့အခါ တစ်နေ့ပြီးသွားတဲ့ အခါ အဲ့ဒီ့ Bookmark တွေကို မိမိနှစ်သက်ရာ information architecture နဲ့ သက်ဆိုင်ရာ folder တွေထဲရွှေ့ပါ။

ဒီလိုလုပ်ဖို့အတွက် ဖတ်ယူထားတဲ့စာကို နားလည်ခွဲခြားနိုင်မှ ဖြစ်မှာမို့ ဖတ်ထားတဲ့ information တွေကို နောက်တစ်ခါ process လုပ်ဖြစ်ပြန်ပါတယ်။ အဲ့လိုမှန်မှန်လုပ်ရင်းနဲ့ သင့်အတွက် အချိန်မရွေးကိုးကားနိုင်တဲ့ ကြမ်းတစ်ဆောင်ကို ကိုယ်တိုင် စုတုပြုနိုင်ပါတယ်။

Don’t study alone

ကိုယ့်ဖာသာကိုယ် self-study လုပ်ရုံတင်မက လူအများနဲ့ အတူ လေ့လာသင်ယူတာဟာ motivation တစ်ခုဖြစ်စေပါတယ်။ ကိုယ်လိုသူလို အများနဲ့ အတူ လုပ်ကြတဲ့အခါမှာ သူများတွေရဲ့ သင်ယူနိုင်မှုကို အတုယူအားကျနိုင်ပါတယ်။ ကိုယ့်လောက် ခရီးမရောက်တဲ့သူများကိုလည်း တွဲခေါ် ကူညီခြင်းဟာ မိမိသင်ယူထားတဲ့အချက်အလက်တွေ ပြန်လည် recall လုပ်ရတာမို့လို့ ပိုပြီး သင်ယူထားတဲ့ အချက်အလက်တွေကို ကြေညပ်စေပါတယ်။

(ဒါ့ကြောင့်လည်း ကျွန်တော်ဟာ Ruby on Rails study group လေးကို စဖြစ်ခဲ့တာပါ)

Practice makes perfect

သင်ယူနားလည်တာဟာ software engineer တစ်ယောက်ဖြစ်ဖို့အတွက် အစပဲရှိပါသေးတယ်။

မျက်စိနဲ့မြင်လို့ qwerty keyboard တစ်ခုရဲ့ ဘယ်နေရာမှာ A ရှိပြီး ဘယ်နေရာမှာ Z ရှိတယ်ဆိုတာ နားလည်ရုံနဲ့ touch typing မရနိုင်ပါဘူး။ နာရီများစွာ အချိန်ပေးပြီး ကျင့်ယူမှသာ 40 wpm လောက်ရိုက်နိုင်မှာပါ။

အဲ့တော့ touch typing ထပ် အဆမတန်ပိုမိုခက်ခဲတဲ့ software engineering ဟာလည်း နားလည်သင်ယူထားတဲ့ အသိပညာအတတ်ပညာတွေကို အသုံးချ လေ့ကျင့်ဖို့အတွက် project တွေ အများကြီးလုပ်ယူရပါမယ်။

အဲ့ဒီ့ project တွေဟာ တချိန်မှာ Junior Engineer တစ်ယောက်အဖြစ်အလုပ်ရနိုင်ဖို့အတွက် အထောက်အကူဖြစ်လာနိုင်တာကို တွေ့ရပါမယ်။

Be grateful for what you have

နောက်ဆုံးအချက်တစ်ခုကတော့ သင်ယူလေ့လာတဲ့သူတိုင်းဟာ အချိန်တစ်ခုရောက်တဲ့အခါမှာ ငါဘာမှလည်း မသိသေးပါလား၊ ငါ မောင်ဖြူလောက်လည်း မတတ်သေးပါလား၊ ငါ့ဟာငါလုပ်ဆို ဘယ်ကစရမှန်းတောင် မသိပါလား စသဖြင့် မိမိကိုယ်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ စကားလေးတွေ ကိုယ့်ကိုကိုယ်ပြောတတ်ကြပါတယ်။ တချိန်တည်းမှာ သူများတွေလောက်လည်း ငါ့မှာသင်ယူနိုင်စွမ်းမရှိပါလားတို့၊ မီးကလည်း ပျက်သွားပြန်ပြီတို့၊ အင်တာနက်ကလည်း စုတ်ပြတ်နေတာပဲတို့၊ သင်ယူချိန်ကလည်း မပေးနိုင်လိုက်တာတို့ အစရှိသဖြင့် အခက်အခဲလေးတွေကိုလည်း ငြီးတွားအပြစ်တင်တတ်ကြပါတယ်။ (ကျွန်တော်ကိုယ်တိုင် အပါအဝင်ပါပဲ)

အဲ့လိုအချိန်တွေမျိုးမှာ ကိုယ့်မှာလက်ဝယ်ရှိထားတဲ့ လူတိုင်းမရနိုင်တဲ့ အချက်လေးတွေကို သတိရလိုက်ပါ။

Self-study လုပ်နိုင်တယ်ဆိုတဲ့ ကိုယ်ကြိုက်ရာလမ်းကိုယ်ရွေးချယ်နိုင်တဲ့ အခွင့်အရေး၊ သင်ယူလေ့လာပြီးရင် အသုံးချနိုင်မယ့် အခွင့်အလမ်းအများကြီး၊ သင်ယူနိုင်ဖို့အတွက် လက်ဝယ်မှာရှိထားတဲ့ laptop တွေ၊ စုဆောင်းထားတဲ့ resource တွေ၊ အင်တာနက်ပေါ်မှာ အချိန်မရွေးရှာဖွေတွေ့ရှိနိုင်တဲ့ resource တွေကို ပြန်ကြည့်ပြီး ဒါတွေကို မရနိုင် မရှိနိုင်တဲ့ ကိုယ့်လောက် အခွင့်အလမ်းမရှိတဲ့သူတွေအများကြီးရှိတယ်ဆိုတာကို သတိရပါ။

သတိရပြီးရင်တော့ လက်ဝယ်မှာရှိထားတဲ့ ပစ္စုပ္ပန်ကိုသာ စူးစိုက်ကြည့်ပြီး ရှိနေတဲ့ ဒီနေ့ ဒီအချိန်ကို အကောင်းဆုံးဖြစ်အောင်သာ သင်ယူလေ့ကျင့်ရင်း ဆက်လျှောက်ကြပါလို့ အကြံပြုရင်း အဆုံးသတ်ပါရစေ။