အရာအားလုံးဟာ လခွီးဖြစ်နေသောအခါ

Published on 🔗

Everything is f*ucked - a book about hope မကျဉ်းတကျဉ်းချုပ်

Chapter 1

ဒုတိယကမ္ဘာစစ်တုန်းက Auschwitz လို့ ကြားလိုက်ရရင် လူ့ဘုံက ငရဲခန်းတစ်ခုလို့ မမြင်တဲ့ လူခက်ရှားရှားရယ်မဟုတ်လား။ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ Auschwitz ကိုဝင်ပြီး အဖမ်းခံနေရသူတွေကို ကယ်တင်ဖို့ကြိုးစားတဲ့သူ၊​ လူသားမဆန် နှိပ်ဆက်သမျှခံရင်း တစ်ကမ္ဘာလုံးမှာပထမဆုံး Holocaust အကြောင်းကို လူတွေကို အသိပေးခဲ့တဲ့သူ၊ အဲ့ဒီ့ Auschwitz ကနေပဲ မရရအောင်ပြန်ထွက်ပြေးခဲ့တဲ့လူတစ်ယောက်ဟာ ဘယ်လို မျှော်လင့်ချက်တွေနဲ့ လှုပ်ရှားရုန်းကန် အသက်ရှင်ခဲ့တာလဲ။ သူလိုလူမျိုးကို သူရဲကောင်းတစ်ယောက်အနေနဲ့ သူရဲ့စိတ်ခွန်အားကို အားကျကြတယ်မဟုတ်လား။

တစ်နေ့နေ့မှာ မင်းနဲ့ မင်းချစ်သမျှလူတိုင်းသေမှာပဲ။ မင်းလုပ်ခဲ့သမျှ ပြောခဲ့သမျှ အရာတိုင်းဟာ မင်းပါတ်ဝန်းကျင်မှာရှိတဲ့ လူနည်းစု အတွက် အချိန်အတိုင်းအတာတစ်ခုလောက်သာ အရာထင်ရုံသာရှိခဲ့မှာလေ။ အဲ့ဒါသည် မင်းလက်မခံချင်တဲ့ အမှန်တရားပဲမဟုတ်လား။​ (The Uncomfortable Truth) စင်္ကြာဝဠာကြီးနဲ့နှိုင်းရင် ငါတို့ဟာ ဘယ်လောက် အရေးပါ အရာရောက်နေလို့လဲ။ ငါတို့ စိတ်ကူးထဲမှာသာ ငါတို့ အရေးကြီးနေပြီး ငါတို့ ပန်းတိုင်ကို ငါတို့တီထွင်နေပေမယ့် ငါတို့က ဘာမှဟုတ်မနေပါဘူး

ငါတို့ကို စင်္ကြာဝဠာကြီးက ဂရုမစိုက်ပါဘူး

  • မင်း အလုပ်မှာ အဆင်ပြေတာမပြေတာ စိတ်ပူတာလဲ မင်းပဲ
  • မင်း အမေ ခါးနာတာ မသက်သာသေးလို့ စိုးရိမ်တာလဲ မင်းပဲ
  • မင်းနိုင်ငံမှာ မအလ ကြီးစိုးနေလို့ စိတ်မချမ်းသာတာလဲ မင်းပဲ
  • မင်းကမ္ဘာကြီး အပူချိန်တက်နေလို့ ဝမ်းချုပ်တာလဲ မင်းပဲလေ

မင်းဒါတွေကြောင့် သောကရောက်ရတယ်ဆိုတာ မင်း အရေးပေးလို့။ မင်းဘာလို့ အရေးပေးလဲ... မင်းအတွက် အရာရာတိုင်းဟာ ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိနေလို့ပဲ။

မျှော်လင့်ချက်မရှိရတော့ဘူးလားဆိုတော့... ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက်က ဝမ်းနည်းခြင်းမဟုတ်ဘူး၊​ ဒေါသလဲမဟုတ်ဘူး။ မျှော်လင့်ချက် ကင်းမဲ့နေခြင်းပဲ။

အဲ့တော့ မျှော်လင့်ချက်မရှိလို့မဖြစ်ဘူး

သမိုင်းတစ်ခုလုံးကိုနဲ့ ယှဉ်ကြည့်ရင် ကျွန်တော်တို့ ဘဝတွေဟာ သာယာနေတာပဲ။ ဒါပေမယ့် ဖြစ်နေတဲ့ ယနေ့လက်ရှိပြဿနာတွေဖြစ်တဲ့

  • လူတိုင်းလိုလို စိတ်ဓါတ်ကျနေတာ၊
  • ဘဝပေါ်မှာ အလိုမကျဖြစ်နေတာ၊
  • stress တွေတက်နေတာ၊​
  • မူးယစ်ဆေးတွေ အလွန်အမင်းသုံးစွဲနေတာ၊​
  • ကမ္ဘာကြီးမှာ လူဦးရေသာများလာတယ် လူတိုင်းဟာ အထီးကျန်နေတာ၊
  • အစိုးရကိုသော်လည်းကောင်း မီဒီယာကိုသော်လည်းကောင်း အယုံအကြည်မရှိတာ

အဲ့လိုအရာတွေကို သမိုင်းတစ်ခုလုံးနဲ့ ချုံပြီးကျွန်တော်တို့ မခံစားတတ်ဖူးလေ။

ဒီကြားထဲ... nuclear weapons တွေ climate change တွေ နဲ့ပါတ်သက်လို့ ဘယ်သူက အပူတပြင်းဖြေရှင်းနေလို့လဲ။

တနည်းပြောရရင် သာယာဝပြောဆုံး ခေတ်မှာ ဖြစ်လာတဲ့လူတစ်ယောက်အနေနဲ့ စိတ်အဆင်းရဲရဆုံးလူတွေဖြစ်နေကြရတာပဲ။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်က သမိုင်းကို ဂရုမစိုက်လို့ပဲ။

မျှော်လင့်ချက်ကို တည်ဆောက်ဖို့ ဒါတွေလိုအပ်တယ်

  1. ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်းရှိမယ်ဆိုတဲ့ ခံစားချက်တစ်ခု
  2. ယုံကြည်ထားတဲ့ တန်ဖိုးတစ်ခု
  3. အသိုင်းအဝိုင်းတစ်ခု

ဒီသုံးခုထဲက တစ်ခုခု မရှိတော့ရင် မျှော်လင့်ချက်ကင်းမဲ့သွားပါပြီ။

Chapter 2

မကြာခဏလိုလို ခံစားချက်ရှေ့ထားရင် အမှားများတယ်ဆိုတဲ့ အဆိုလေးကို ကြားမိကြမှာပေါ့။ စဉ်းစားတွေးခေါ်ဉာဏ်ကိုသုံးပြီး ခံစားချက်ကို အသားမပေးရဘူးဆိုတဲ့ အယူအဆဟာ ရှေးရိုးစွဲ အယူအဆပါ။

ဝတဲ့သူတွေကို စားချင်စိတ်မထိန်းနိုင်လို့၊ ဆေးလိပ်သောက်တဲ့သူတွေကို သောက်ချင်စိတ်မထိန်းနိုင်လို့၊​ မူးယစ်ဆေးဝါးစွဲနေသူတွေကို ကိုယ့်စိတ်ကိုယ်မနိုင်လို့စသဖြင့် မြင်တတ်တာသည်လည်း အဲ့ဒီ့ ရှေးရိုးစွဲ​အယူအဆကနေ မြစ်ဖျားခံတာပါပဲ။ ပိုဆိုးတာက အဲ့ အယူအဆနဲ့ စိတ်ဓါတ်ကျနေသူတွေ၊​ အသက်မရှင်ချင်တော့ပါဘူးဆိုသူတွေကို ကိုယ့်စိတ်နဲ့ကိုယ့်ကို မျှော်လင့်ချက်မွေးမထုတ်နိုင်ဘူးလားဆိုကာ ပြစ်တင်ပြောဆိုတာတွေပဲ။

ကျွန်တော်တို့ရဲ့ ဘဝတွေတိုးတက်ဖို့ ပိုကောင်းမွန်ဖို့ ပန်းတိုင်တွေသတ်မှတ်၊​ ဆုံးဖြတ်ချက်တွေချပြီးလုပ်ကြရမှာ အလွဲအချော်လေးတွေရှိကြစမြဲပဲလေ။ အဲ့လိုလွဲချော်တိုင်းမှာ ကျွန်တော်တို့ ပထမဆုံး အပြစ်တင်ကျတာက ကိုယ့်စိတ်ခံစားမှု ကိုယ်မထိမ်းနိုင်လို့ဆိုတဲ့ အတွေးမျိုးရှိတတ်ကြမှာပဲ။

တကယ်တမ်းမှာတော့ ကိုယ့်ဘဝကိုယ်ထိမ်းကျောင်းနိုင်ဖို့ဆိုတာ စဉ်းစားတွေးခေါ်ဉာဏ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေအပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့က ဒါကို မမြင်တာပါ။

ခံစားတဲ့ဦးဏှောက်နဲ့ စဉ်းစားတဲ့ဦးဏှောက်နှစ်ခြမ်းဟာ တစ်ခုနဲ့တစ်ခု စကားကောင်းကောင်း မပြောကြဘူး။ ခံစားတဲ့ဦးဏှောက်နဲ့ စဉ်းစားတဲ့ဦးဏှောက်ဟာ ကားတစ်စီးကိုနှစ်ယောက်မောင်းနေကြတာပဲ။ စဉ်းစားတဲ့ဦးဏှောက်ဟာ အရာရာကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားနိုင်ပေမယ့် အဖြေတစ်ခုထွက်ဖို့ အချိန်တစ်ခုပေးရတယ်။ အချိန်ပေးပြီး စဉ်းစားတတ်ဖို့သင်ယူရသလို အသုံးများသွားရင်လည်း ပင်ပန်းတတ်တယ်။ ခံစားတတ်တဲ့ဦးဏှောက်ကကြတော့ ဘာအားမှထည့်စရာမလိုပဲ ချက်ချင်းအဖြေတစ်ခုထွက်ပေမယ့် များသောအားဖြင့် မတိမကျ မသေမချာဖြစ်တတ်တယ်။ တစ်ခါတစ်လေမှာ ဒရမ်မာတွေခင်းပြီး overreact လည်းလုပ်တတ်ပါတယ်။

ရှေးရိုးစွဲ အယူအဆအတိုင်းဆိုရင်တော့ ကျွန်တော်တို့ထင်တာဟာ စဉ်းစားတတ်တဲ့ ဦးဏှောက်က မောင်းနေတဲ့ကားကို တစ်ခုခု အဆန်းအပြားမြင်တိုင်း steering wheel ကို လှမ်းလှမ်းစွဲပြီး လမ်းပြောင်းပစ်တဲ့ ငရှုပ်လို့မြင်ကြတယ်။

တကယ်တမ်းတော့ ကျွန်တော်တို့တွေဟာ ခံစားချက်မပါပဲ ဘာမှမလုပ်နိုင်ကြပါဘူး။

  • အပျင်းတစ်တာဟာ ခံစားချက်ကြောင့်ပဲ၊
  • အီလေးစွဲတာလဲ ခံစားချက်ကြောင့်ပဲ၊
  • မအောင်မြင်တာလဲ ခံစားချက်ကြောင့်ပဲ၊​
  • စိတ်မြန်တာဟာလည်း ခံစားချက်ကြောင့်ပဲ။

အဲ့တော့ ကားမောင်းနေတာက ခံစားတတ်တဲ့ဦးဏှောက်ကမောင်းနေတာပါပဲ။

တစ်ချိန်ထဲမှာ သူမောင်းနေတာကို ဘေးနားက မကောင်းပြောတာ လမ်းမှားနေပြီပြောတာကိုလည်း မကြိုက်ပြန်ဘူး။ အဲ့တော့ စဉ်းစားတဲ့ဦးဏှောက်က ခံစားတဲ့ဦးဏှောက်လက်ခံနိုင်အောင် ချော့ပြီးလမ်းပြပေးရပြန်ရော။ အဲ့မှာ အလိုလိုက်တာများသွားရင်ပဲဖြစ်စေ စဉ်းစားဉာဏ်နည်းရင်ပဲဖြစ်စေ ခံစားချက်နောက်ကို တဆုံးလိုက်ပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ်တွေ တဆုံးဖြစ်တော့မှာပေါ့။

ခံစားတဲ့ ဦးဏှောက်တစ်ခုတည်းရဲ့ အလိုကျသွားနေတဲ့ လူတွေကို ဖီလ်းတက်အောင်ပြောပြီး ဘာသာရေးခေါင်းဆောင်တွေ၊​ နိုင်ငံရေးသမားတွေ၊​ တက်ကြမ်းဆရာတွေ၊ အင်တာနက်ပေါ်က ခပ်ဆိုးဆိုးဖိုရမ်တွေက မြှောက်လည်းပေးရော တခြားလူတွေကို အဆိုးမြင်၊ နှိမ့်ချ၊​ ဒါမှမဟုတ် မဟုတ်တမ်းတရားတွေစွပ်စွဲပြီး အသက်တွေသေရတဲ့အထိ ကိုယ်ထိလက်ရောက်ကျူးလွန်တော့တာပါပဲ။

အဖြစ်ဆိုးတစ်ခုခုကြုံရတဲ့အခါမှာ ခံစားတဲ့ဦးဏှောက်က ဒါငါ့ထိုက်နဲ့ငါ့ကံပါလားလို့ ဆုံးဖြတ်လိုက်ရင် ကိုယ့်ကိုယ်ကို သောက်သုံးမကျဘူးဆိုပြီး လက်ခံလိုက်သလိုဖြစ်သွားပြီး နောက်နောင်မှာ သောက်သုံးမကျတဲ့ငါလို့ ကိုယ့်ကိုယ်ကိုပြောရင်း အမှားတွေမှာ မွေ့လျော်ရင်း မျှော်လင့်ချက်တွေ တစ်ဖြည်းဖြည်းပြတ်သုံးသွားနိုင်တယ်။ ကိုယ့်ဘဝကိုယ်ထိမ်းကျောင်းဖို့အတွက် အဲ့ဒီ့ ပြဿနာဟာ အဓိကပဲ - မစဉ်းစားတတ်တဲ့ ဦးဏှောက်ကြောင့်မဟုတ်ပဲ၊ မခံစားတတ်တဲ့ ဦးဏှောက်ကြောင့်။

Chaper 3

Action တိုင်းမှာ တူညီတဲ့ ဆန့်ကျင်ဖက် Emotional Reaction ရှိတယ်

ခွေးကိုက်ခံရရင် မင်းကခွေးကို အပြစ်ပေးချင်တယ်။ စားပွဲစောင်းနဲ့ ခြေထောက်နဲ့တိုက်မိရင် စားပွဲကိုဆဲလိုက်ရမှ။ အထိုးခံရရင် ပြန်ထိုးလိုက်၊ ပြန်ဆဲလိုက် သို့မဟုတ် ရဲတိုင်လိုက်ရမှ။ ရေကြီးပြီး မင်းအိမ်က ရေထဲမျောသွားရင် ဘုရားသခင်ကိုဖြစ်ဖြစ် စကြာဝဠာကြီးကိုဖြစ်ဖြစ် ဘဝတစ်ခုလုံးကိုဖြစ်ဖြစ် အပြစ်တင်လိုက်ရမယ်ဆိုတဲ့ စိတ်ကလေးကတော့ရှိစမြဲပဲလေ။

ဒီလိုအဖြစ်ဆိုးမျိုးတွေကြုံရတိုင်းမှာ moral gap တစ်ခုပေါ်လာပြီး မင်းစိတ်ကျေနပ်အောင် တစ်ခုခု (ထိုးသွားတဲ့သူက ပြန်တောင်းပန်တာမျိုး၊ အိမ်ခြေရာမဲ့ဖြစ်သွားပြီးမှ ထီပေါက်တာမျိုး) ပြန်အစားထိုးဖြစ်မှ ကိုယ်တွေက မျှတတယ်လို့ထင်ကြတယ်မလား။ အဲ့လိုဖြစ်ရင် မျှော်လင့်ချက်တွေမပျောက်မပျက် ကိုယ့်ဘဝကို ပိုင်တယ်ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်နိုင်ကြမယ်လေ။

မင်းကို ထိုးသွားတဲ့သူက မင်းကို စိတ်ကျေနပ်အောင် အိမ်တစ်လုံးဝယ်ပေးတယ်ဆိုပါတော့။ ဒါဆိုရင် မင်းစိတ်ထဲမှာ သူ့အပေါ် ကျေးဇူးကြွေးတင်သွားပြီး အဲ့ကျေးဇူးကြွေးမကုန်မချင်းမင်း သူ့အပေါ်ကောင်းနေဦးမှာပေါ့။ နောက်တစ်ခါထပ်ထိုးလည်း ခံလိုက်ဦးမှာပဲ။

အဲ့လို ညီမျှခြင်းတစ်ခုကို အမြဲရှာနေတာဟာ ခံစားချက်ပဲ။ ဝမ်းနည်းခြင်းဟာ မညီမျှခြင်းတစ်ခုကြောင့်ဖြစ်ရတဲ့ ဆုံးရှုံးမှုကို မခံနိုင်လို့။ ဒေါသဟာ မညီမျှမှုကို အားနဲ့မာန်နဲ့ ဖြေရှင်းချင်လို့။ ပျော်ရွှင်မှုဟာ နာကျင်မှုမရှိတော့တဲ့ ခံစားမှုတစ်ခု။ အပြစ်မကင်းတဲ့ခံစားမှုဟာ မညီမျှမှုတစ်ခုကြောင့် ခံစားရမယ်လို့ မြင်ထားတဲ့ နာကျင်မှုမရောက်လာလို့ ခံစားမှုတစ်ခု။

တရားမျှတမှုဆိုတဲ့ တန်ဖိုးတစ်ခုဟာ ဒီညီမျှခြင်းရှိချင်လို့ဖြစ်လာတဲ့ တန်ဖိုးပါပဲ။

ဖြစ်သမျှ ခံစားချက်တွေအကုန်ပေါင်းလိုက်ရင် မိမိကိုယ်ကိုယ်မိမိ ဘယ်လောက်တန်ဖိုးထားသလဲ သိနိုင်ပါတယ်

တကယ်လို့များ မင်းကိုထိုးသွားတဲ့သူက မင်းကိုပြန်မတောင်းပန်ခဲ့ရင်၊ မင်းကပြန်ထိုးလို့မရခဲ့ရင်ရော၊​ အိမ်ရေထဲမျောသွားပြီး ထီပြန်မပေါက်ခဲ့ရင်ရော။ ညီမျှခြင်းတစ်ခုပြန်မရတာအချိန်တခုကြာသွားရင် ကျွန်တော်တို့ဟာ နေသားကျသွားတတ်ပါတယ်။ အဲ့လိုနေသားကျသွားရင် ဦးဏှောက်က ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ် --- ငါတို့အထိုးခံသင့်လို့ အထိုးခံရတာ၊ ငါတို့ထိုက်နဲ့ငါတို့ကံပဲမို့လို့ အိမ်ရေမျောသွားတာစသဖြင့်ပေါ့။

အဲ့လို low self-worth ဖြစ်သွားတာမျိုးရှိသလို ဘာအလုပ်မှ မကြိုးစားပဲ ပစ္စည်းပစ္စရာတွေ ရာထူးနေရာ ဂုဏ်ရှိန်တွေရနေတဲ့ အခါမှာလည်း ငါနဲ့ထိုက်တန်လို့ရတာဆိုပြီး high self-worth သို့မဟုတ် asshole တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ Low self-worth ဖြစ်ဖြစ် hig self-worth ဖြစ်ဖြစ် သူတို့ဟာ အတ္တကြီးတဲ့လူတွေ (Narcissists) လို့သတ်မှတ်လို့ရပါတယ်။ လူတိုင်းက သူ့ကို ချစ်ရင်ချစ်၊ မချစ်ရင်မုန်းနေတာ။ အရာတိုင်းက အကောင်းချည်းသားဟုတ်ရင်ဟုတ် မဟုတ်ရင် အရာတိုင်းဟာ ရီးတွေဖြစ်နေတာ။ အရာအားလုံးဟာ သူတို့အကြောင်းကြီးသာ ဖြစ်နေပြီး သူတို့နဲ့ပေါင်းရသင်းရခက်နေတာပေါ့။

ကျွန်တော်တို့အားလုံးမှာလည်း အတ္တကတော့ရှိကြတာပါပဲ။ လူတိုင်းရဲ့ experience တိုင်းရဲ့ အလယ်တည့်တည့်မှာ သူတို့ကိုယ်တိုင်သာရှိနေတာမို့ ကမ္ဘာကြီးတစ်ခုလုံးဟာ သူတို့ကြောင့်မှ လည်ပါတ်နိုင်ရမယ်ဆိုတဲ့ စိတ်ကလေးကတော့ အနည်းနဲ့အများရှိကြတာပဲ။ ကိုယ့်အရည်အချင်းတွေ ရည်ရွယ်ချက်တွေကို overestimate လုပ်ပြီး သူများတွေကိုတော့ underestimate လုပ်တတ်ကြတာပဲ။ ကျွန်တော်တို့အတွက် ကောင်းတဲ့အရာတိုင်းဟာ လူတိုင်းအတွက်ကောင်းမှာပဲလို့ မြင်တတ်ကြတာပဲ။ ဘဝကလည်း အင်မတန်ခက်ခဲပြီး ခန့်မှန်းရခက်ခဲတယ်မဟုတ်လား။ အဲ့လို အတ္တအမြင်လည်း နည်းနည်းရှိပြီး ကိုယ့်ကိုကိုယ် special ဖြစ်ပါတယ်လို့မမြင်ခဲ့ရင် မျှော်လင့်ချက်ဆိုတာကရှိနိုင်ပါ့ဦးမလား။

မင်းရဲ့ Identity ဟာ Experience အသစ်တစ်ခုခု မရှိခဲ့ဘူးဆိုရင် ပြောင်းလဲနိုင်စွမ်းမရှိပါဘူး

ကျွန်တော်တို့ တန်ဖိုးထားတဲ့အရာတွေဟာ ခံစားမှုတွေကြီးကပဲဖြစ်တည်လာတာမဟုတ်ပါဘူး။ ဇာတ်လမ်းတွေက ဖြစ်တည်လာတာပါ။ ခံစားမှုတစ်ခုခုဖြစ်တိုင်းမှာ စဉ်းစားတဲ့ဦးဏှောက်က အဲ့ခံစားမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဇာတ်လမ်းလေးတွေထွင်ရတာပေါ့။ အဲ့ဇာတ်လမ်းတွေဟာ ငါတို့စိတ်ထဲမှာ တွယ်ကပ်ကိန်းအောင်းပြီး အမြဲရှိနေတတ်ပါတယ်။ ဘယ်ဇာတ်လမ်းမဆို အဆုံးသတ်ကြည့်ကြည့်ရင် ဒီလေးမျိုးပဲရှိပါတယ်။

  1. ကောင်းတဲ့ကိစ္စတစ်ခုဟာ ဖြစ်သင့်တဲ့သူကို ဖြစ်သွားတယ်။
  2. ကောင်းတဲ့ကိစ္စတစ်ခုဟာ မဖြစ်သင့်တဲ့သူကို ဖြစ်သွားတယ်။
  3. မကောင်းတဲ့ကိစ္စတစ်ခုဟာ ဖြစ်သင့်တဲ့သူကို ဖြစ်သွားတယ်။
  4. မကောင်းတဲ့ကိစ္စတစ်ခုဟာ မဖြစ်သင့်တဲ့သူကို ဖြစ်သွားတယ်။

ဖြစ်သင့်တယ် မဖြစ်သင့်ဖူးဆိုတဲ့ မင်းရဲ့တန်ဖိုးတွေနဲ့ ဆက်နွယ်ပြီး ဇာတ်လမ်းတွေကိုပေါင်းစုလိုက်ရင် မင်းရဲ့ Identity တစ်ခုဖြစ်လာတာပဲ။ အဲ့ဒီ့ Identity ကို မင်းတို့က ကာကွယ် မြတ်နိုးကြတယ်လေ။ မင်းကိုယ်မင်း စာဖတ်တဲ့သူတစ်ယောက်လို့လက်ခံထားတဲ့အချိန်မှာ စာလည်းမဖတ်ပါလားလို့ အပြောခံရရင် အထိုးခံရသလိုပဲ နာတတ်ကြတယ်မလား။

ဘဝကို ကျော်ဖြတ်လာရင်း ဇာတ်လမ်းတွေများလာလေ တန်ဖိုးတွေများလာလေပဲပေါ့။ Snowball effect လို တိုးရင်းပေါင်းသလို ဇာတ်လမ်းတွေဟာလည်း ပေါင်းပေါင်းလာတာပေါ့။

အတိတ်ကဇာတ်လမ်းတွေကို အခြေခံပြီး အနာဂါတ်ဇာတ်လမ်းတွေဖြစ်တဲ့ စိတ်ကူးယဉ်မှုတွေ၊ အိမ်မက်တွေဖြစ်လာတာပေါ့။

အဲ့တော့ အတိတ်တွေရဲ့ ဇာတ်လမ်းတွေက ငါတို့ရဲ့ Identity ကိုတည်ဆောက်ပြီး အနာဂါတ်ရဲ့ဇာတ်လမ်းတွေဟာ ငါတို့ရဲ့မျှော်လင့်ချက်တွေဖြစ်လာတာပေါ့။ ငါတို့ဟာ အဲ့ဒီ့ဇာတ်လမ်းတွေထဲမှာ လည်ပါတ်ရှင်သန်နေနိုင်သ၍ ငါတို့ရဲ့ဘဝကို အဓိပ္ပါယ်ပေးနေတာပေါ့။

Chapter 4

Religion တွေအများကြီးရှိပါတယ်။ Religion တိုင်းမှာ ကောင်းတဲ့ အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလဲ အများကြီးရှိပါတယ်။ သေချာတာတစ်ခုကတော့ ဘာသာတရားတစ်ခုကို ယုံကြည်ကိုးစားလိုက်ရင်ဖြင့် အဲ့ Religion ကပေးတဲ့ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ရှင်လို့ရနိုင်ပါတယ်။

Religion လို့ဆိုရင် သုံးမျိုးရှိပါတယ်။

  • Spritual Religions - သိပ္ပံနည်းကျ ထောက်ပြလို့မရတဲ့ ယုံကြည်မှုတွေနဲ့ အခြေခံထားတဲ့ ဘာသာတရားမျိုး။ သူတို့တွေဟာ ဒီကမ္ဘာပြီး နောက်ကမ္ဘာ၊ ဒီဘဝပြီးနောက်ဘဝမှာ ပိုကောင်းမွန်မယ့် အနာဂါတ်တွေရဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အလုပ်လုပ်ကြတယ်။ ဥပမာ - ခရစ်ယာန်၊ မွတ်ဆလင်၊ ဂျူး၊ နတ်ကိုးကွယ်ခြင်း အစရှိသဖြင့်ပေါ့
  • Ideological Relgions - သူတို့အတွက် မျှော်လင့်ချက်တွေက တကယ့်ဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးကရတယ်။ ဒီကမ္ဘာကြီးမှာပဲ လွတ်မြောက်ချင်ကျ၊ တိုးပွားချင်ကြပြီး၊ ဒီကမ္ဘာကြီး ဒီဘဝကြီးပေါ်ကိုသက်ရောက်နိုင်တဲ့ Faith ကို အခြေခံတဲ့ ယုံကြည်ချက်တွေနဲ့အလုပ်လုပ်ကြတယ်။ ဥပမာ - အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ပါတ်ဝန်းကျင် သဘာဝ ထိန်သိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှု၊ လစ်ဘရယ်ဝါဒ၊ ဖက်ဆစ်ဝါဒ။
  • Interpersonal Religions - ဒီလို religion တွေမှာ မျှော်လင့်ချက်တွေက တခြားလူတွေဆီက ရကြတယ်။ Romatic အချစ်မျိုး၊ သားသမီးကို ချစ်တဲ့အချစ်မျိုး၊ အားကစားသမားတွေ၊​ နိုင်ငံရေးခေါင်းဆောင်တွေ၊ celebrities တွေကို idol တင်တာမျိုးဟာ interpersonal religion တွေပါပဲ။

Side note: ဗုဒ္ဓဘာသာကို စာရေးဆရာက ထည့်မပြောသွားပါဘူး။

Religion တိုင်းလိုလိုမှာ တူညီတဲ့ အချက်လေးတွေကတော့

  1. မျှော်လင့်ချက် မရှိတဲ့သူကို မျှော်လင့်ချက်ရောင်းတာ
  2. သက်သေသာဓကမရှိပဲနဲ့ မျက်စိမှိတ်ယုံကြည်ရမယ်ဆိုတဲ့ အချက်ကလေးတွေပါတာ
  3. အပြင်က ထောက်ပြ၊ ငြင်းခုန်ဖွယ်ရာတွေ အကုန်လုံးကို ကြိုပိတ်ထားတာ
  4. Sacrifice လေးတွေလုပ်ပြီး မိမိအပြစ်တွေကို ဖြေဖျောက်ကြရတာ
  5. Heaven ကို ရနိုင်ပေမယ့်၊ Hell ရောက်ဖို့သိပ်လွယ်တာ
  6. ဘာသာတရားတစ်ခုကြီးထွားလာတာနဲ့အမျှ အတွင်းထဲကလှိုက်စားလာတာလေးတွေရှိပါတယ်။

သေချာတာတစ်ခုကတော့ Relgion တိုင်းဟာ faith ကိုအခြေခံတဲ့ ယုံကြည်မှုတွေတည်ဆောက်ပြီး ဖြစ်ပျက်နေတဲ့ Reality ကို ဇာတ်လမ်းလေးတွေနဲ့ ရှင်းပြရင်း မျှော်လင့်ချက်တွေ ဖြစ်တည်စေတာပါပဲ။

Chapter 5

လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် တချို့သောလူတွေဟာ ပိုပြီး ကြီးထွားသန်မာတာ၊ တချို့တွေက ပိုပြီး တစ်ခုခုမှာ ပါရမီပါတာ။ တချို့ဟာ ပိုပြီး လူချစ်လူခင်ပေါတာ။ တချို့က အလုပ်ပိုကြိုးစားပြီး ဉာဏ်ရွှင်တာတွေရှိခဲ့တာပေါ့။ အဲ့လိုလူတွေဟာ တခြားသူတွေနဲ့ယှဉ်ရင် resource တွေပိုပြီး စုမိကြတယ်။ သူတို့မှာ resource တွေပိုများလာတာနဲ့အမျှ သူတို့ရဲ့ power ကပိုပြီးကြီးလာကြတယ်။ Power ကြီးတဲ့အလျောက် resource တွေလည်းပိုစုမိပြီး ချမ်းသာသထက် ချမ်းသာတာမျိုးဖြစ်လာတာပေါ့။ ဒါမျိုး မျိုးရိုးစဉ်ဆက်ဖြစ်လာတဲ့ အခါမှာ လူနည်းစုတစ်ခုဟာ ပိရိမစ်ကြီးရဲ့ထိပ်ကိုရောက်ပြီး လူများစုဟာ အောက်မှာရောက်နေတဲ့ social hierarchy တစ်ခုဖြစ်လာတာပေါ့။

အဲ့အချိန်မှာ အပေါ်ပိုင်းအလွှာက လူတွေရဲ့ အတွေးဟာ ကိုယ်ကြိုးစားလို့ကိုယ်ရတာ ထိုက်တန်တယ်။ မင်းမရရင် မင်းမကြိုးစားလို့ဆိုတဲ့စိတ်မျိုးတွေရှိလာတတ်ကြတယ်။

တချိန်တည်းမှာလည်း အောက်ပိုင်းအလွှာက လူတွေရဲ့အတွေးမှာ သူတို့ရဲ့ ဒုက္ခတွေအများကြီးကြောင့် သူတို့မှာ ခံစားခွင့်တစ်ခုရှိရမယ်ဆိုတဲ့ အတွေးတွေရှိလာကြတယ်။ ဆင်းရဲလေလေ၊ ကံဆိုးလေလေ၊ သူတို့ကို ကိုယ်ချင်းစာသင့်ပြီး လေးစားသင့်တယ်ဆိုတဲ့ အတွေးလည်းပါတာပေါ့။

ဒီလို မတူတဲ့အတွေးတွေနဲ့ ဖြစ်တည်လာတဲ့ Religion သုံးမျိုးစလုံးဟာ ရှေ့ရှောက် ပဋိပက္ခအကြီးကြီးတွေဆက်ဖြစ်နေဦးမှာပဲ။

အတွေ့အကြုံတွေကနေ ခံစားမှုတွေဖြစ်၊ ခံစားမှုတွေကနေ တန်ဖိုးတွေဖြစ်၊ တန်ဖိုးတွေကနေ​ ဇာတ်လမ်းတွေဖြစ်လာကြတယ်။ လူအများစုက ဇာတ်လမ်းတစ်ခုကိုဝိုင်းယုံကြည်လိုက်ရင် Religion တစ်ခုဖြစ်လာတာပဲ။ Religion တစ်ခု ကြီးလာလေလေ၊ သူ့နောက်လိုက်တဲ့လူတွေဟာ ပိုပြီး ဝီရိယကောင်းလေလေနဲ့ ပိုပြီး မှီခိုလေလေ။ နောက်လိုက်တွေပိုပြီး ဝီရိယကောင်းလေလေ၊ မှီခိုလေလေ အဲ့ဒီ့ Religion ဟာ တခြားလူတွေကို သိမ်းသွင်းနိုင်လေလေပဲ။ နောက်ဆုံး အဲ့ဒီ Religion ထဲမှာပဲ အဖွဲ့တွေကွဲ၊ ဓလေ့ထုံးစံတွေဖြစ်လာ၊​ ပဋိပက္ခတွေဖြစ်လာကြတာပေါ့။ ဒီလို ပဋိပက္ခရှိမှလည်း အဖွဲ့တစ်ခုချင်းစီမှာ စည်းလုံးမှုရှိကြပြီး အဓိပ္ပါယ်တစ်ခုရှိလာကြတာလေ။

အဲ့တော့ ပဋိပက္ခတွေဟာ မျှော်လင့်ချက်ကို တည်မြဲဖို့အတွက် မဖြစ်မနေလိုနေတဲ့ အရာပေါ့။

ဒါကြောင့်မျှော်လင့်ချက်ဆိုတာဟာ destructive ဖြစ်ပါတယ်။ တစ်ခုခုဟာ broken ဖြစ်နေမှ မျှော်လင့်ချက်ဆိုတာဖြစ်တည်နိုင်တာပဲ။ anti-တစ်ခုခုဖြစ်နေမှ ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိရမယ်လို့ဖြစ်မနေဘူးလား။

ဘဝတစ်ခုလုံးမှာ ဖြစ်သမျှကို အကန့်အသတ်မရှိ လက်ခံလိုက်မယ်ဆိုရင်ရော ... နာကျင်မှုခံစားရမှုတွေကို လက်ခံလိုက်မယ်ဆိုရင်၊ ဖြစ်နေတာကို အရှိအတိုင်းလက်ခံနိုင်ရင် အဆင်မပြေနိုင်ဘူးလား။ မျှော်လင့်ချက်မထားနေနဲ့ - ပိုပျော်ရဖို့ မမျှော်လင့်နဲ့၊ ဒုက္ခတွေနည်းသွားဖို့ မမျှော်လင့်နဲ့၊ မင်းရဲ့ဘဝ ကို တိုးတက်ဖို့မမျှော်လင့်နဲ့။ ပစ္စုပ္ပန်ကိုပဲ မျှော်လင့်လိုက်။ အချိန်တိုင်းမှာ ဖြစ်လာနိုင်တဲ့ အကောင်းတွေအားလုံး အဆိုးတွေအားလုံးကို မျှော်လင့်လိုက်။ လွတ်လပ်မှုကရတဲ့ ဒုက္ခကို၊ ပျော်ရွှင်မှုကရတဲ့ နာကျင်မှုကို၊ အရှုံးပေးလိုက်ရလို့ ရလာတဲ့ power ကို မျှော်လင့်လိုက်။

ပြီးရင် အဲ့ဒီ့ မမျှော်လင့်တဲ့အတိုင်း ဘဝလမ်းကို ဆက်လျှောက်လိုက်။

အရာအားလုံးဟာ ရီးဖြစ်နေတယ်။ မျှော်လင့်ချက်ဟာ အဲ့လိုဖြစ်ဖို့ အကျိုးရော အကြောင်းရောပဲ။

ဒီစာအုပ်ရဲ့နောက်ပိုင်းမှာ အဲ့လိုပစ္စုပန်ကိုပဲမျှော်လင့်ရင်းနဲ့ ဘယ်လိုအသက်ဆက်ရှင်မလဲဆိုတာပြောသွားပါမယ်။


ကျွန်တော်ဒီလောက်နဲ့ပဲ တစ်ဖြတ်ဖြတ်လိုက်ဦးမယ်နော်။ နောက်တစ်ပိုင်းကို ဆက်ဖတ်နိုင်ပါပြီ။