ခြစားနေတဲ့ ကမ္ဘာကြီးတစ်ခု

Published on 🔗

Everything is F*cked - A book about hope မကျဉ်းတကျဉ်းချုပ် အပိုင်း၂

အပိုင်း၁ မဖတ်ရသေးရင် ဖတ်လိုက်ဦးနော်။

Chapter 6

ကလေးတစ်ယောက်ဟာ မီးဖိုပေါ်က ဒယ်အိုးကို လက်နဲ့ မတော်တဆကိုင်ဘူးတယ်ဆိုပါစို့။ အပူလောင်သွားတဲ့ ဒါဏ်ရာကို ကြည့်ပြီး ရလိုက်တဲ့ သင်ခန်းစာက ပူနေတဲ့အရာတွေကို မကိုင်သင့်ဘူးပေါ့။ အဲ့ကလေးကပဲ အမေလစ်တုန်း ရေခဲသေတ္တာထဲက ရေခဲမုန့်ခိုးစားပြီး အဆူခံရတယ်ဆိုပါစို့။ သူရလိုက်တဲ့ သင်ခန်းစာက ခိုးစားတာမကောင်းဘူးပေါ့။ တချိန်တည်းမှာ ဒယ်အိုးပူဟာမကောင်းဘူး၊​​ ရေခဲမုန့်ကစားကောင်းတယ်ပေါ့။

ကလေးတွေဘဝက ရိုးရှင်းပါတယ် အရာရာကိုစူးစမ်းရင်းနဲ့ သူတို့ရဲ့ အတွေ့အကြုံလေးတွေကနေ သင်ခန်းစာလေးတွေသင်ယူနေကြရတာလေ။ နည်းနည်းလေးကြီးလာတဲ့ အခါလည်းကြရော အဲ့ဒီ့သင်ခန်းစာလေးတွေကနေတစ်ဆင့် ပိုပြီး abstract ဖြစ်တဲ့ စည်းကမ်းလေးတွေထွက်လာတာပေါ့ - အန္တရာယ်များတဲ့ ကတ်ကြေးလို၊ မီးခဲ၊ မီးခြစ်၊ ဖယောင်းတိုင်တို့နဲ့ ပါတ်သက်ရင် သတိထားမှ အသားမနာမှာ၊ မိဘတွေနဲ့ပါတ်သက်ပြီး ရိုးရိုးသားသား နေမှ သူတို့က ကိုယ့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံမှာ၊ မောင်နှမအချင်းချင်း အတူတူ ကစားစရာတွေကို မျှဝေကစားမှ သူတို့ကလည်း သူတို့ပစ္စည်းတွေကို ပြန်မျှမှာ စသဖြင့်ပေါ့။

အဲ့အဆင့်ရောက်သွားတဲ့ ကြီးကောင်ပေါက်တစ်ယောက်ဟာ ဘယ်လောက်ပဲ ရေခဲမုန့်ကြိုက်ပါစေ ခိုးမစားတော့ဘူး။ အကျိုးအကြောင်းနားလည်သွားပြီလေ။ လူအဖွဲ့အစည်းတစ်ခု အာဏာရှင်တစ်ခုနဲ့ အလုပ်လုပ်တတ်သွားပြီလို့တောင်ဆိုနိုင်ပါတယ်။

အဲ့လို စည်းကမ်းတွေနဲ့ပဲ နေထိုင်တဲ့ ကြီးကောင်ပေါက်တစ်ယောက်ဟာ - ပိုက်ဆံရဖို့အတွက် ငါ့သူဌေးခိုင်းသမျှငါလုပ်မယ်၊ အအော်မခံရအောင် အမေ့ကိုဖုန်းခေါ်မယ်၊ အနာဂါတ်ကောင်းရအောင် အိမ်စာမှန်မှန်လုပ်မယ်၊ ပဋိပက္ခမဖြစ်ရအောင် လိမ်ညာ အောင့်အီးပြီး လူတွေနဲ့ တည့်အောင်နေမယ် စသဖြင့် အပေးအယူတွေနဲ့ အလုပ်လုပ်နေမှာပါ။ ဘာလုပ်လုပ် အကောင်းဆုံးရလဒ်တစ်ခုအတွက် အပေးအယူတွေလုပ်ပြီး ကိုယ့်အတွက်ကိုယ်လုပ်တယ်ဆိုတာမရှိတဲ့ ဘဝတစ်ခုဖြစ်နေမှာပေါ့။ ပြည့်ဝပြီး စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ဒီစည်းကမ်းတွေထက်ပိုပြီး abstract ဖြစ်တဲ့ ပိုပြီး လမ်းညွှန်ပေးနိုင်တဲ့ နိယာမတွေလိုတာပေါ့။

မင်းအဖေဆီက အချစ်မေတ္တာကို၊ မင်းသူငယ်ချင်းတွေဆီက ဘော်ဒါကန့်ကို၊ မင်းသူဌေးဆီက လေးစားမှုကို အပေးအယူနဲ့မှ ရယူလို့မဖြစ်နိုင်တာပဲ။ ဘဝအတွက်အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ အရာတွေတိုင်း အပေးအယူနဲ့ ရယူဖို့ မဖြစ်နိုင်လို့ပဲ။ လုပ်ဖို့ကြိုးစားကြည့်ရင် ရှိပြီးသားတွေတောင် ပျက်စီးသွားဦးမှာပေါ့။ ပျော်ရွှင်မှုဟာလည်း အပေးအယူနဲ့ မရနိုင်ပါဘူး။ Self-help စာအုပ်တွေဖတ် အကြံဉာဏ်တွေယူကြချိန်မှာ "ငါ့ကို ပျော်ရွှင်ဖို့ အတွက် ဒီ ဘဝဆိုတဲ့ကစားပွဲကို ဘယ်လိုကစားရမလဲပြော ငါလိုက်ကစားမယ်" ဆိုတဲ့ အတွေးတွေနဲ့ ချဉ်းကပ်လို့ကတော့ အဲ့ဒီ့အတွေးကိုယ်တိုင်က ပျော်ရွှင်မှုကို နှောင့်နှိုင်းစေတဲ့ အရာတစ်ခုဖြစ်လာပါလိမ့်မယ်။ အပေးအယူသိပ်ကောင်းလို့ ပစ္စည်းဥစ္စာတွေ ချမ်းသာနေတောင်မှ စိတ်ချမ်းသာမှုမှာ မွဲတေနေဦးမှာပါပဲ။ အပေးအယူနဲ့ တည်ဆောက်ထားတဲ့ ဘယ် relationship မဆို ခြယ်လှယ်မှုတွေပြည့်နှပ်နေမှာပါပဲ။

လူကြီးတစ်ယောက်ဖြစ်လာပြီဆိုရင်တော့ အကျိုးအကြောင်းထပ်ပိုအရေးကြီးတဲ့ နိယာမတွေကိုမြင်လာတာပဲ။ ကြီးကောင်ပေါက်တစ်ယောက်ဟာ အကောင်းဆုံးရလဒ်ဖြစ်ဖို့ ရိုးသားရမယ်လို့မြင်ချိန်မှာ၊ ခက်ခဲတဲ့ အခြေအနေတစ်ခုရောက်သွားရင် အဖြူရောင်မုသားလေးရောတာပဲဖြစ်ဖြစ်၊ ချဲ့ကားတာပဲဖြစ်ဖြစ်၊ အရွဲ့တိုက်တာပဲဖြစ်ဖြစ်ရှိနိုင်တယ်။ လူကြီးတစ်ယောက်ဟာ ရိုးသားမှုတစ်ခုတည်းကို အခြေခံပြီး ကိုယ်လိုချင်တာရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂရုမစိုက်တော့ဘူး။ ရိုးသားမှုဟာသည် တန်ဖိုးရှိတဲ့အရာတစ်ခုအနေနဲ့မြင်ပြီး ရိုးသားမှုကိုသာ ဦးတည်ချက်ထားပြီး ရအောင်ယူတော့တယ်။

ကြီးကောင်ပေါက်တစ်ယောက်ဟာ ကြင်နာမှု၊ စာနာမှု၊ ကရုဏာ အစရှိတာတွေကိုပြန်ရဖို့ ချစ်နေပေမယ့် လူကြီးတစ်ယောက်ဟာ ဘာကိုမှ ပြန်မလိုချင်ပဲ (လိုချင်လိုက်ရင် အချစ်မဟုတ်တော့ဘူးလို့ခံယူပြီး) ချစ်နေလိမ့်မယ်။

အသက်သာအိုစာပြီး ကြီးကောင်ပေါက်ဖြစ်နေသေးတဲ့လူတွေလည်းရှိသလို၊​ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးဖြစ်နေတဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ ရင့်ကျက်တယ်ဆိုတဲ့ အသက်အရွယ်နဲ့ မသက်ဆိုင်ဘူး။ သူတို့ဘာလုပ်တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး။ သူတို့ဘာရည်ရွယ်ချက်တွေနဲ့လုပ်နေတာလဲ ဆိုတာနဲ့ပဲဆိုင်တယ်။

တနည်းပြောရရင်

  • ကလေးတစ်ယောက် ရေခဲမုန့်ခိုးစားတာဟာ အကျိုးအကြောင်းနားမလည်ပဲ ရေခဲမုန့်ကြိုက်လို့
  • ကြီးကောင်ပေါက်တစ်ယောက် မခိုးတာဟာ၊ ခိုးခြင်းရဲ့နောက်ကွယ်မှာပါလာတဲ့ ရလဒ်တွေပြစ်ဒါဏ်ကို မကြိုက်လို့
  • လူကြီးတစ်ယောက်မခိုးတာဟာ ခိုးဝှက်ခြင်းသည်မှားတယ်ဆိုတဲ့ နိယာမရှိနေလို့။ လူမမိရင်တောင်မှ သူ့အတွက်စိတ်ချမ်းသာမှုရမှာမဟုတ်လို့။

ကလေးတွေ အကျိုးအကြောင်းနားလည်တတ်ဖို့က မိဘတွေက အပေါ်အများကြီးမူတည်ပါတယ်။ ဆုပေးဒါဏ်ပေးလုပ်ရင်းနဲ့ သူတို့တွေဟာ အကျိုးအကြောင်းနားလည်တဲ့ ကြီးကောင်ပေါက်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် လိုအပ်ချက်တစ်ခုကတော့ တူညီတဲ့ အကြောင်းတွေတိုင်းမှာ တူညီတဲ့ အကျိုးတွေရှိတယ်ဆိုတာပါပဲ။ ခိုးစားတာကို အပြစ်ပေးတစ်လှည့် မပေးတစ်လှည့်လုပ်ရင် သူတို့တွေ စည်းကမ်းရှိလာမှာမဟုတ်ဘူး။ သားသမီးကို အမြဲလိုလို အလိုလိုက်ပြီး ဒါဏ်မပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးဟာ လူ့ပါတ်ဝန်းကျင်ထဲ ဝင်ဆံ့မှာမဟုတ်ဘူး။ သားသမီးကို ဒါဏ်သာပေးပြီး ဆုမပေးတဲ့ မိဘတွေရဲ့ သားသမီးဟာလည်း လူ့အသိုင်းအဝိုင်းရဲ့ စည်းကမ်းတွေအပေါ် လေးစားမှာမဟုတ်ဘူး။

အဲ့လိုပဲ ယုံကြည်ရတဲ့ အဖွဲ့အစည်း၊ အာဏာပိုင်၊ ခေါင်းဆောင်မရှိတဲ့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုဟာလည်း အကျိုးအကြောင်းမဆီလျော်တဲ့ ပါတ်ဝန်းကျင်ကြီးမှာ နေထိုင်ရတဲ့အတွက် လူတိုင်းဟာ ကလေးလို အတ္တအပြည့်နဲ့လည်ပါတ်နေကြရမှာပဲ။

ကြီးကောင်ပေါက်တွေ မရင့်ကျက်ရတာကတော့ ငယ်စဉ်ဘဝက စိတ်ဒါဏ်ရာတွေနဲ့ လျစ်လျှူရှုမှုတွေကြောင့်ပေါ့။ ငယ်ငယ်က အနိုင်ကျင့်ခံရတဲ့ ကြီးကောင်ပေါက်တစ်ယောက်ဟာ ငါ့ကိုဘယ်သူကမှ အကန့်အသတ်မရှိ ချစ်ခင်မှာမဟုတ်ဘူး၊ ခင်မင်မှု ချစ်ခင်မှုတိုင်းဟာ ကြိုးစားပန်းစားလုပ်ယူရမယ် ဆိုတဲ့အတွေးမျိုးနဲ့ အသက်ရှင်ကြတာပေါ့။ စကားကို ဘယ်လိုတော့ဖြင့် အမြဲပြောရမယ်၊ အဝတ်အစားကို ဘယ်ပုံဘယ်ညာဝတ်ရမယ်၊ မဟုတ်ရင်တော့ဖြင့်ဆိုပြီး စိတ်တထင့်ထင့်နဲ့ပေါ့။ တချို့တွေကတော့ အင်မတန် အပေးအယူကောင်းလွန်းတဲ့အတွက် တခြားလူတွေလိုချင်တဲ့ပုံစံကို နေပြလုပ်ပြပြောဆိုပြပြီး သူတို့လိုချင်တာကို ရအောင်ယူကြရင်း ဘဝကြီးဟာ ဒီလိုပါလားဆိုတဲ့အတွေးနဲ့ အဲ့လို မနေနိုင် မပြောနိုင် မလုပ်နိုင်တော့မယ့်တစ်နေ့ရောက်မှာကို စိုးရိမ်ပူပန်နေကြရတာပေါ့။

အပေးအယူတွေနဲ့နေရတဲ့ဘဝဆိုတာ ဘယ်တော့မှ မဆုံးတဲ့ သံသရာတစ်ခုဆိုတာကို သိမှ၊ ဘဝမှာ အဓိပ္ပါယ်ရှိတဲ့ တန်ဖိုးကြီးတဲ့အရာတွေဟာ အပေးအယူတွေနဲ့မရနိုင်ဘူးဆိုတာကိုသိမှ ကြီးကောင်ပေါက်တွေရင့်ကျက်လာနိုင်မှာပါ။ မိဘတွေ ဆရာဆရာမတွေက အပေးအယူတိုင်းကို လက်မခံမှဖြစ်နိုင်မှာပေါ့။ ကြီးကောင်ပေါက်တွေကို ယုံကြည်မှုကို သင်ဖို့အတွက် သူတို့ကို ယုံကြည်ရမယ်၊ လေးစားမှုကိုသင်ဖို့ သူတို့ကို လေးစားရမယ်၊ အချစ်ကိုသင်ဖို့အတွက် ချစ်ရမယ်။ မိဘတွေ ဆရာဆရာမတွေကိုယ်တိုင်က ကြီးကောင်ပေါက်တွေဖြစ်နေရင်တော့ဖြင့် ဒါမျိုးတွေသင်ပေးနိုင်မှာ မဟုတ်ဘူး။

အကန့်အသတ်မရှိ အပေးအယူမရှိပဲ အလုပ်တစ်ခုလုပ်ရတာမလွယ်ပါဘူး။ ကိုယ့်ကိုပြန်ချစ်မယ်မှန်းမသိပဲ ချစ်ရတာ၊ ကိုယ့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မလားမလုပ်လားမသိပဲ ယုံကြည်ပေးရတာ ဒါမျိုးတွေလုပ်နိုင်ဖို့က ကိုယ်ပိုင် ယုံကြည်ချက်တစ်ခုတော့လိုတာပေါ့။ ကိုယ်မလိုချင်တဲ့ ရလဒ် ဖြစ်နိုင်ရဲ့သားနဲ့ မှန်တာကို လုပ်နေပါတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုပေါ့။ အဲ့ဒီ့ယုံကြည်ချက်နဲ့အတူ ဖြစ်လာနိုင်တဲ့ နာကျင်မှုကိုယ်ခံနိုင်ဖို့ ကိုယ်ခံအားရှိရမယ်၊ လိုချင်တာဖြစ်ချင်တာတွေကို စဉ်းစားနေတဲ့ မျှော်လင့်ချက်တွေကို ထားပစ်ခဲ့နိုင်တဲ့ သတ္တိရှိရမယ်လေ။ စဉ်းစားတဲ့​ဦးဏှောက်က ဒါသည် ယုတ္တိမတန်ဘူးလို့ဆိုကောင်းဆိုပါစေ၊ ခံစားတဲ့ဦးဏှောက်က အီလေးစွဲပြီး နာကျင်ရမှာကို ချစ်ရလို့ခံစားရမှာကို ကိုယ့်ကိုကိုယ်နှိမ့်ချရမှာကို ကြောက်လန့်နေပါစေ၊ ယုံကြည်ချက်နဲ့ ဆက်လုပ်ရမှာပဲ။

ဝန်ထမ်းတွေရဲ့ အမှားကို ဆယ်ပြီး အလုပ်ပြုတ်ခံလိုက်တဲ့ အကြီးအကဲတစ်ယောက်၊ ကိုယ့်ပျော်ရွှင်မှုကို စတေးပြီး သားသမီးတွေပျော်ရွှင်ဖို့ကိုဖြည့်ဆည်းပေးတဲဲ့ မိဘတစ်ယောက်၊ စိတ်ဆိုးမှာသိရက်နဲ့ မင်းရဲ့ အမှားကိုထောက်ပြတဲ့ ဘော်ဒါတစ်ယောက်၊ ဒီလို လူကြီးတွေကို အားကျကြရတာပဲ မဟုတ်လား။​ ဒီလိုလူမျိုးတွေမရှိရင် ငါတို့ကမ္ဘာကြီးတကယ် လခွီးဖြစ်ကုန်ကြမှာပေါ့။

အဲ့ဒါကြောင့်လည်း ဘာသာတရားတိုင်း (Spiritual Religion) ဟာ မျှော်လင့်ချက်ကိုအခြေခံပြီး unconditional values တွေကစတာပဲလေ။ ဒါပေမယ့် ဘာသာတရားတွေကြီးထွားလာတာနဲ့အမျှ အပေးအယူမြတ်နိုးပြီး အတ္တကြီးတဲ့ ကြီးကောင်ပေါက်တွေရဲ့ ခြစားမှုတွေကြောင့် ကြီးကောင်ပေါက်တွေအုပ်ချုပ်တဲ့ ခြစားနေတဲ့ ဘာသာတရားတွေ ဖြစ်လာရတာပေါ့။ Ideological religion တွေလည်း လူတွေကို လုပ်ပိုင်ခွင့်​ရပိုင်ခွင့်တွေပေးပြီး ကရုဏာ၊ စာနာမှု၊ ညီမျှမှုတွေနဲ့စခဲ့ကြတာပဲ။ ကြီးကောင်ပေါက်တွေလက်ထဲရောက်သွားတဲ့ အခါမှာတော့ ပေါက်တတ်ကရတွေဖြစ်ကုန်တာပေါ့။ အခွန်ကင်းလွတ်ခွင့်က ပျော်ရွှင်မှုကို ဝယ်လို့မရသလို၊ လုပ်ယူနေရ အသက်တွေသတ် အသက်တွေပေးပြီး တိုက်ခိုက်ကာကွယ်ယူနေရတဲ့ လွတ်လပ်ရေးကရော တကယ့်လွတ်လပ်ရေးစစ်နိုင်ပါ့မလား။

ဘယ် Religion မဆို အတိုင်းအတာတစ်ခုအထိ လိုက်စားတာနဲ့အမျှ ကိုယ်ကိုယ်တိုင်ရဲ့ လူသားဆန်မှု၊ အခြားလူရဲ့ လူသားဆန်မှုကို ပေးဆပ်ရတဲ့ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ ဥပမာ - ဘာသာရေးကြောင့် ဆုံးရှုံးနေရတဲ့ လူ့ဘဝတွေအသက်တွေ၊ ဒီမိုကရေဆီရရေးအတွက် ဆုံးရှုံးနေရတဲ့အသက်တွေပေါ့။ ဒုက္ခကနေ မျှော်လင့်ချက်နဲ့ ရုန်းထွက်အောင်လုပ်ပေးမယ့် ဒီ Religion တွေကပဲ ဒုက္ခနွံထဲပြန်စွဲချနေပြန်ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး အတွေးအခေါ်ဆရာ Immanuel Kant က ပြောထားတာလေးတစ်ခုရှိပါတယ်။

စကြဝဠာတစ်ခုလုံးမှာ အင်မတန်ရှားပြီး ကျွန်တော်တို့သာ ပိုင်ဆိုင်ထားတာဟာ အသိဉာဏ်တစ်ခုပါပဲ။ ကြိုးကြောင်းဆင်ခြင်နိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနိုင်တဲ့စွမ်းရည်ကို ကျွန်တော်တို့ကလွဲရင် ဘယ်သူ့မှာမှ မတွေ့ရသေးပါဘူး။ ဒီလိုဖြစ်တည်မှုတစ်ခုကို လမ်းညွှန်ပေးနိုင်တဲ့စွမ်းရည်ဟာ အင်မတန်ထူးခြားတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့သာ တီထွင်ကြံဆတတ်ကြတယ်၊ ဉာဏ်ရည်ကွန့်မြူးတတ်ကြတယ်၊ ကိုယ့်ဘဝကို ကိုယ်ကြောင်းတတ်ကြတယ်၊ ကိုယ့်ဟာကိုယ် နားလည်သိရှိနိုင်ကြတယ်လေတဲ့။ အဲ့အတွက်ကြောင့်

စကြဝဠာတစ်ခုလုံးမှာ အမြင့်မားဆုံးတန်ဖိုးဟာလည်း တန်ဖိုးနားလည်နိုင်တဲ့ဉာဏ်တစ်ခုပဲ။ ဖြစ်တည်မှုရဲ့ အဓိပ္ပါယ်စစ်စစ်သည်လည်း အဓိပ္ပါယ်ကို ဖော်ဆောင်နိုင်တဲ့ ဉာဏ်ပဲ။ အရေးအကြီးဆုံးဟာလည်း ဘာအရေးကြီးလည်းလို့ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပဲ။

အဲ့ဒီ့ အသိဉာဏ်ကြောင့်ပဲ ကျွန်တော်တို့ဟာ ဂူထဲမှာခိုအောင်း အမဲလိုက်နေရာကနေ နှစ်ပေါင်းတစ်ထောင်လောက်အတွင်းမှာ digital ကမ္ဘာကြီးတွေတည်ဆောက်ပြီး ကုဋေချီတဲ့လူတွေကို ဆက်သွယ်ပြောဆိုနေတဲ့ အခြေအနေရောက်လာခဲ့တာမဟုတ်လား။ နောက်နှစ်တစ်ထောင်အကြာမှာ ကျွန်တော်တို့ဟာ အခြားကြယ်တွေကိုလည်ပါတ်နေတဲ့၊ ဂြိုလ်တွေကို ပုံသွင်းနေတဲ့၊ Space/Time ကို လိုရာထိန်းချုပ်နေတဲ့ မျိုးစုတစ်ခုမဖြစ်နိုင်ဘူးလို့ ပြောနိုင်လား။ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ လုပ်ရပ်တွေဟာ စကြဝဠာကြီးနဲ့ချုံငုံကြည့်လိုက်လို့ အစော်မနံပေမယ့် လူသားအားလုံးရဲ့ တွေးခေါ်ဆင်ခြင်နိုင်တဲ့ အသိဉာဏ်ကို ထိန်းသိမ်းဖို့ မြှင့်တင်ဖို့ဟာတော့ ကိုယ်ကျင့်တရားအရပေးထားတဲ့တာဝန်တစ်ခု အနေနဲ့ အင်မတန်အရေးကြီးပါတယ်တဲ့။ အဲ့တာကြောင့် သူက Formula of Humanity ဆိုပြီးဒီလိုဆိုပါတယ်။

Act that you use humanity, whether in your own person or in the person of any other, always at the same time as an end, never merely as a means.

ဘာသာပြန်ကြည့်ရင်တော့

တစ်ခုခုကိုလိုချင် ဖြစ်ချင်လို့ လူသားဆန်တဲ့ လုပ်ရပ်တွေမလုပ်ပဲ လူသားဆန်ဖို့အတွက်ကိုသာ ဦးတည်ပြီးမိမိကိုယ်ကိုလုပ်တဲ့ အလုပ်တွေဖြစ်စေ၊ သူများအပေါ်သက်ရောက်တဲ့အလုပ်တွေဖြစ်စေ လုပ်ဆောင်ပါ။

ဒီနိယာမလေးတစ်ခုသာနားလည် လိုက်နာမယ်ဆိုရင် ကြီးကောင်ပေါက်တွေဟာ လူကြီးဖြစ်လာနိုင်ပါတယ်။ မျှော်လင့်ချက်ရဲ့ပြဿနာက ပစ္စုပ္ပန်မှာရှိတဲ့ လုပ်ရပ်တွေနဲ့ ပိုကောင်းလာမယ့် အနာဂါတ်ကို အပေးအယူလုပ်နေတာပါပဲ။ အဲ့ဒီ့အပေးအယူဖြစ်တဲ့ မျှော်လင့်ချက်တွေထဲကလွတ်ထွက်ဖို့ လုပ်ရပ်တွေကို Unconditionally လုပ်နိုင်မှရပါမယ်။ လူတစ်ယောက်ကို သူကငါ့ကို ဘယ်လိုပြန်ဆက်ဆံပါစေတော့ဆိုပြီးမျှော်လင့်ချက်နဲ့ ချစ်တာဟာ တကယ်ချစ်တာမဟုတ်ပါဘူး။ ငါကသူ့ကို လေးစားလို့ ငါ့ကိုပြန်လေးစားရမယ်လို့ဆိုရင် တကယ်လေးစားတာမဟုတ်ပါဘူး။ အသိအမှတ်ပြုတာခံချင်လို့ ရိုးသားနေတဲ့သူဟာ တကယ်ရိုးသားတာမဟုတ်ပါဘူး။

လူသားတိုင်းကို စည်းကမ်းတစ်ခုတည်းလိုက်နာရမယ်ဆိုရင် Formula of Humanity ကိုပဲလိုက်နာရုံနဲ့ လုံလောက်ပါပြီ။ Fomula of Humanity ရဲ့ အလှဆုံးအကွက်လေးက မျှော်လင့်ချက်တွေ လိုချင်တပ်မက်ခြင်းတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ နိဗ္ဗာန်လို အနာဂါတ်တစ်ခုကိုလည်း ကတိမပေးထားသလို ငရဲလို နောက်ကြောင်းလည်း မရှိပါဘူး။ အသိဉာဏ်ကို လေးစားရမယ်၊ ကာကွယ်ရမယ်ဆိုတာသည်သာအရေးကြီးတယ်လို့ဆိုထားပါတယ်။ ပိုကောင်းတဲ့ ဘဝကို မျှော်လင့်မနေပဲနဲ့ ပိုကောင်းတဲ့ဘဝတစ်ခုကို ပစ္စုပ္ပန်မှာ ဖန်တီးလိုက်ပါလို့ဆိုထားတာပါ။

ပိုမိုပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အားရကျေနပ်ဖွယ်ရာကောင်းတဲ့ ဘဝတစ်ခုနောက်ကို အသေအလဲလိုက်နေတာသည် ကိုယ့်ရဲ့ပစ္စုပ္ပါန်ကို သာယာတဲ့အဆုံးသတ်တစ်ခုအတွက် အပေးအယူလုပ်နေတာပါပဲ။ ကိုယ့်ကိုယ်ကို သောက်သုံးမကျဘူးလို့ပြောနေတာသည် သူများကို သောက်သုံးမကျဘူးလို့ပြောသလိုပဲ အမှားကြီးတစ်ခုပါ။ ကိုယ့်ကိုကိုယ်လိမ်နေတာသည်လည်း သူများကို လိမ်ညာနေသလိုပဲ ကျင့်ဝတ်နဲ့မညီညွတ်တဲ့လုပ်ရပ်တစ်ခုပါ။ ကိုယ့်ကိုကိုယ်အနာတရဖြစ်အောင်လုပ်တာသည်လည်း အခြားလူကို အနာတရဖြစ်အောင်လုပ်သလိုပဲ ရွံရှာဆက်ဆုပ်စရာလုပ်ရပ်တစ်ခုပါ။ ဒါ့ကြောင့်ကိုယ့်ကိုကိုယ် unconditionally ချစ်ဖို့၊ ဂရုစိုက်ဖို့ဆိုတာသည် လူ့ကျင့်ဝတ်တစ်ခုအနေနဲ့ ဖြစ်အောင်လုပ်သင့်တဲ့အလုပ်တစ်ခုပါ။

ကိုယ့်ကိုကိုယ်ဆက်ဆံတဲ့ပုံစံပြောင်းလာတာနဲ့အမျှ သူများအပေါ်ဆက်ဆံတဲ့ ပုံစံပြောင်းလာပါလိမ့်မယ် အဲ့ကနေတစ်ဆင့် သူများတကာတွေဟာ သူ့ကိုယ်သူဆက်ဆံပုံတွေပြောင်းလာပြီး လှိုင်းခတ်ကာ အဆင့်ဆင့်ပြောင်းသွားနိုင်မှာပါ။ Ideology တွေ၊ ဘာသာတရားတွေ၊ အနာဂါတ်အတွက်အိပ်မက်တွေနဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက်ဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရင့်ကျက်မှုနဲ့ ဂုဏ်သိက္ခာကို ပစ္စုပ္ပါန်မှာ လူသားဆန်စွာ ရအောင်လုပ်ပေးဖို့ပါ။


ဒီမှာပဲ တစ်ပိုင်းထပ်ဖြတ်လိုက်ကြဦးစို့။ နောက်တစ်ပိုင်း ကို နောက်တစ်ပါတ်မှာ ဆက်ရေးပြီးတင်ပေးသွားပါမယ်။