လိုအပ်တာ vs. လိုချင်တာ

Published on 🔗

Everything is F*cked - A book about hope မကျဉ်းတကျဉ်းချုပ် အပိုင်း၄

အပိုင်း၁အပိုင်း၂ နဲ့ အပိုင်း ၃ မဖတ်ရသေးရင် ဖတ်လိုက်ဦးနော်။

Chapter 8

အမျိုးသမီးတွေ ဆေးလိပ်မသောက်သေးတဲ့ ခေတ်တစ်ခုရှိခဲ့ဖူးပါတယ်။ ကောလိပ်တတ်တာသည် အမျိုးသမီးအလုပ် မဟုတ်၊ အိမ်ပြင်ထွက်အလုပ်လုပ်တာသည် အမျိုးသမီးအလုပ်မဟုတ်၊ လွှတ်တော်အမတ်ဖြစ်တာသည် အမျိုးသမီးတစ်ယောက်အလုပ်မဟုတ် စသဖြင့်အမြင်တွေရှိခဲ့တုန်းကပေါ့။

အဲ့ဒီ့ အခြေအနေကို မကြိုက်တဲ့ စီးကရက်ကုမ္ပဏီတွေက Edward Barnays ဆိုတဲ့ Marketing လုပ်တဲ့တစ်ယောက်ရဲ့ အကူအညီနဲ့ ပြောင်းဖို့ကြိုးစားကြပါတယ်။ အဲ့တုန်းက Marketing campaign တွေဟာ အခုခောတ်လိုမဟုတ်ပဲ ဝယ်ယူသူတွေကို ဆက်သွယ်ပြီး အချက်အလက်တွေပေးပြီး စဉ်းစားတဲ့ဦးဏှောက်ကို သိမ်းသွင်းဖို့သာ သုံးခဲ့ကြတာလေ။ အဲ့ဒါကို Barney က ပြောင်းပြန်လှန်လိုက်ပြီး ခံစားတဲ့ ဦးဏှောက်အတွက် campaign တစ်ခုလုပ်လိုက်တယ်။

လူတိုင်းစောင့်ကြည့်နေကြတဲ့ ပွဲခင်းသဘင်ကြီးတစ်ခုမှာ မိန်းမလှတွေကို တန်းစီရပ်ခိုင်းပြီး သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ အကုန်တပြိုင်နက် စီးကရက်တွေကို မီးညှိခိုင်း၊ သတင်း ဓါတ်ပုံဆရာတွေကို ဓါတ်ပုံတွေရိုက်ခိုင်း၊ ပြီးတော့ ဒီအမျိုးသမီးတွေဟာ "torches of freedom" လွတ်လပ်ရေးရဲ့ မီးဒုတ်တွေကို မီးညှိနေတာပါဆိုပြီး သတင်းတွေရေးခိုင်းတဲ့ လုပ်ဇာတ်ကြီးတစ်ခုပေါ့။ ဒါပေမယ့် Barney က အဲ့ဒါကို နိုင်ငံရေး ဆန္ဒပြသလိုလိုဘာလိုလိုနဲ့ ပုံမှားရိုက်ပြီး အမျိုးသမီးတွေရဲ့ လွတ်လပ်ရေးဟာ ဆေးလိပ်သောက်နေတာဆိုတဲ့ message မျိုးကိုပေးခဲ့တာပေါ့။ တကယ်လဲ အလုပ်ဖြစ်ခဲ့တယ်လေ။

အဲ့ကနေစလို့ တရပ်ကားကြီးတွေကို ယောက်ျားတွေရဲ့ အင်အားကြီးထွားသန်မာမှုနဲ့ ဆက်နွယ်ပြီးရောင်းကြတယ်၊ မိတ်ကပ်တွေကို လူတွေချစ်တာခံရဖို့ အာရုံစိုက်ခံရဖို့အတွက်လို့ ပြောပြီးရောင်းကြတယ်၊ ဘီယာကို ပျော်ရွှင်မှုအတွက်ဆိုပြီး ရောင်းကြတယ်။ ဒါတွေအားလုံးဟာ Marketing 101 တွေပါပဲ။ ဈေးရောင်းချင်တဲ့သူရဲ့ "pain point" လေးတွေကိုရှာ... နည်းနည်းလေးနာအောင်လုပ်ပြီး အဲ့အနာကိုဖြေဖျောက်ချင်ရင်တော့ ဒါကိုဝယ်သုံးလိုက်ပါဆိုတဲ့ပုံစံပေါ့။

အခုခေတ်မှာ အဲ့လို Marketing message မျိုးတွေကို ထောင်ပေါင်းများစွာ လူတစ်ယောက်အနေနဲ့ နေ့တိုင်းတွေ့ကြုံ ဖတ်ရှု ခံစားနေတဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ကျန်းမာရေးဟာ ကောင်းနိုင်ပါ့ဦးမလား။


ကမ္ဘာကြီးဟာ စိတ်ခံစားမှုတွေနဲ့ လည်ပါတ်နေတာပါ။

လူတွေဟာ သူတို့ စိတ်ခံစားမှုပိုကောင်းစေတဲ့အရာ အတွက်ကို ပိုက်ဆံပေးဖို့ ဝန်မလေးကြဘူး။ ပြီးတော့ ပိုက်ဆံများများရှိလေလေ အာဏာများများရှိလေလေပဲမဟုတ်လား။ အဲ့တော့ မင်းဟာ လူတွေရဲ့စိတ်ခံစားမှုတွေကို ပိုပြီးလွှမ်းမိုးနိုင်လေလေ၊ ပိုက်ဆံ အာဏာတွေကို ပိုပြီးရနိုင်လေလေပဲပေါ့။

ပိုက်ဆံဟာလည်း အရင်တစ်ပိုင်းမှာပြောခဲ့တဲ့ ကျေးဇူးကြွေးကို ဆုပ်ကိုင်ပြနိုင်အောင်လုပ်တဲ့ တီထွင်မှုတစ်ခုပါပဲ။ စစ်သားတစ်ယောက်ဖြစ်တဲ့ မင်းအပေါ်မှာ ဘုရင်ဖြစ်တဲ့သူက စားဝတ်နေရေး အဆင်ပြေ ချမ်းသာကြွယ်ဝပါမယ်ဆိုတဲ့ ကတိကဝတ်တစ်ခုအနေနဲ့ အဲ့ဘုရင်ကိုယ်တိုင် သတ်မှတ်ထုတ်လုပ်ထားတဲ့ အသပြာတွေပေးပြီး စစ်ထွက်တိုက်ခိုင်းခဲ့တာမဟုတ်လား။

နည်းပညာတွေတိုးတက်လာတာဟာလည်း စိတ်ခံစားမှုတွေကြောင့်ပါပဲ။ ဘောပင်တွေ၊ အဲကွန်းတွေ၊ ရေပူရေအေးစက်တွေ အစရှိသဖြင့် လူတွေရဲ့ စိတ်ခံစားမှုတွေပိုကောင်းလာအောင် နာကျင်မှုတွေမရှိရအောင် ကြံဆပြီး ရောင်းချနေကြတာပဲလေ။ အခုဈေးကွက်စီးပွားရေးစနစ်မှာ တန်ဖိုးတစ်ခုဖြစ်အောင် (ပစ္စည်းသစ်တစ်ခု ချပြရအောင်) နှစ်မျိုးလုပ်ကြပါတယ်။

  1. Innovations တီထွင်မှု (upgrade pain) - ရှိနေတဲ့ နာကျင်မှု တစ်ခုကို အခြားသော ပိုပြီး ခံစားရလွယ်တဲ့ pain တစ်ခုနဲ့ အစားထိုးတဲ့တီထွင်မှု ဥပမာ - အပ်တစ်ထိုးစာ အနာခံပြီး ပိုလီယိုကိုကာကွယ်တာမျိုး
  2. Diversions အာရုံလွှဲမှု (avoid pain) - ရှိနေတဲ့ နာကျင်မှုကို မေ့ပျောက်နိုင်အောင် နာကျင်မှုကို ထုံကျင်လိုက်တာမျိုး။ ခဏတစ်ဖြုတ် ခရီးကောက်ထွက်သွားတာ၊ ရုပ်ရှင်ထိုင်ကြည့်လိုက်တာ၊ ဆေးချတာမျိုးပေါ့။ ဒါမျိုးတွေက တန်ဆေးလွန်ဘေးဖြစ်နိုင်တာကို သတိထားရမယ်။

ဟိုးအစပိုင်းမှာတော့ နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဘဝတွေက တဖြည်းဖြည်းပိုလွယ်လာကြတယ်။ စက်ပစ္စည်းတွေ၊ ဆေးတွေ၊ တကိုယ်ရေသန့်ရှင်းမှုတွေ၊ အုပ်ချုပ်ရေးရန္တရားတွေ စတဲ့တီထွင်မှုနဲ့အမျှ လူတွေဟာ ပိုပြီး ချမ်းသာလာ၊ ကျန်းမာလာကြတယ်။ ချမ်းသာလာ ကျန်းမာလာတာနဲ့အမျှ အာရုံလွှဲမှုတွေဟာ ပိုပိုပြီးများလာတော့တယ်။ အဲ့ဒါကြောင့် နိုင်ငံတစ်ခု ကြီးပွားတိုးတက်လာတာနဲ့အမျှ အဲ့နိုင်ငံမှာ စိတ်ရောဂါခံစားနေရသူတွေ ပိုပိုပြီးများပြားလာတာပဲ။

Marketing ကြောင့်အဲ့ဒီ့ အာရုံလွှဲတဲ့ ပစ္စည်းတွေဟာပိုပိုပြီး အားကောင်းလာတော့ pop culture တွေ celebrity တွေ အားကစားသမားတွေဟာ မတန်တဆ ချမ်းသာလာကြတယ်။ Luxury ပစ္စည်းတွေကို အစုလိုက်အပြုံလိုက်ထုတ်ပြီး လူလတ်တန်းစားတွေကို ရောင်းစားနေကြတယ်။ ဖုန်းလေးတစ်ချက်ခေါ်လိုက်ရုံနဲ့ အရင်က ၂ လလောက်ကြာမယ့်အရာကို ၂မိနစ်အတွင်းရမယ်ဆိုတာမျိုးတွေဖြစ်လာကြတယ်။

အဲ့မှာ အင်တာနက်ဆိုတာကြီး ထွက်ပေါ်လာပါလေရော။ အင်တာနက်ဟာ အင်မတန်ကောင်းတဲ့ တီထွင်မှုတစ်ခုပါ။ အင်တာနက်ကြောင့် ကျွန်တော်တို့ ဘဝတွေပြောင်းလဲလာရတာတွေ တိုးတက်လာရတာတွေ အများကြီးပါပဲ။ သတင်းအချက်အလက်တစ်ခုဟာ လူတိုင်းအတွက် ဘယ်အချိန်မဆို လက်တစ်ကမ်းမှာရှိနေမယ်ဆိုတဲ့ အဖြစ်အပျက်မျိုးဟာ သမိုင်းမှာ တစ်ခါမှ မဖြစ်ဘူးတဲ့ဖြစ်စဉ်မျိုးပါ။ ဒါပေမယ့် သတင်းအချက်အလက်ဘယ်လောက် လွယ်လွယ်ကူကူရနေပါစေ ပြဿနာက အင်တာနက်ကို အသုံးပြုနေတဲ့ ကျွန်တော်တို့တွေပဲ။

လူတွေဟာ အမှန်တရားတွေ အချက်အလက်တွေနဲ့ ဆုံးဖြတ်ချက်တွေမချပါဘူး။ ပိုက်ဆံဘယ်လိုသုံးမယ် ဘယ်မှာသုံးမယ်ဆိုတာ၊​ ဘယ်လိုလူမျိုးတွေနဲ့ ဆက်သွယ်ပြောဆိုမယ်ဆိုတာတွေ အကုန်လုံးဟာ ခံစားချက်နဲ့ ဆုံးဖြတ်ချက်တွေချနေကြတာပါ။

သုံးလို့မကုန်နိုင်တဲ့ အင်တာနက်လို သတင်းအချက်အလက်ရေတွင်းကြီးရှိနေချိန်မှာ လူတွေဟာ သူတို့ စိတ်ထဲမှာ အမြဲကိန်းအောင်းနေတဲ့ ယုံကြည်ချက်တွေနဲ့ သွေဖယ်တဲ့ အချက်အလက်တွေကို Google မလုပ်ကြပါဘူး။ စိတ်ချမ်းသာမှုအတွက် (ငါမှန်တယ်ဆိုတဲ့ အတ္တတစ်ခုအတွက်) တကယ့် အမှန်တရားကို စတေးကြပါတော့တယ်။

လူမျိုးရေးခွဲခြားချင်စိတ်လေး ဖြစ်နေလား? မိန်းမတွေကို နှိမ်ချဆက်ဆံချင်နေလား? ဘာသာရေးခွဲခြားချင်စိတ်လေး ဖြစ်နေလား? အင်တာနက်ပေါ်တက် ကလစ်နှစ်ချက်လောက်ခေါက်တာနဲ့ စိတ်ချမ်းသာသွားစေမယ့် racist ဖိုရမ်တွေ၊ အမျိုးသားဝါဒီ ဖိုရမ်တွေ၊ ဘာသာရေး မိုက်ရူးရဲတွေရဲ့ဖိုရမ်တွေ အများကြီးရှိနေပါတယ်။

အင်တာနက်ကြီးဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို ပေးဖို့တီထွင်ထားပေမယ့် မတော်တဆနဲ့ ကျွန်တော်တို့လိုချင်တဲ့ သတင်းအချက်အလက်တွေကို ပေးနေတဲ့ အရာကြီးတစ်ခုဖြစ်လာပါတော့တယ်။ ခက်တာက ကျွန်တော်တို့လိုချင်တဲ့ အရာတော်တော်များများ တီထွင်မှုတွေမဟုတ်ဘဲ အာရုံလွှဲပြောင်းမှုတွေဖြစ်နေလို့ပဲ။


လူတွေကိုလိုချင်တာတွေပေးတာနဲ့ပါတ်သက်ပြီးပြဿနာ အကြီးကြီးလေးခုရှိပါတယ်

  1. လိုတိုင်းရနေတဲ့လူတွေဟာ မလိုမကျတာလေး တစ်ခုတွေ့လိုက်တာနဲ့ မိုးပြိုတောင်ပြို တုန့်ပြန်လာပါတယ်
  2. စိတ်အလိုကိုပိုလိုက် compusive ဖြစ်ပြီး မကြိုက်တဲ့ netflix စီးရီးတွေကို ပြီးအောင်ကြည့်၊ ရောက်ဖူးတယ်လို့ပြောနိုင်အောင် ခရီးတွေထွက်၊ မဖတ်ရသေးတဲ့ စာအုပ်တွေ၊ စာဆောင်တွေကို ပြန်ရှဲစသဖြင့်ဖြစ်လာတော့တယ်။ အရာရာတိုင်းကို ခံစားဖူးတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဦးတည်ချက်နဲ့နေထိုင်နေတဲ့လူဟာ လွတ်လပ်တဲ့လူမဟုတ်ဘူးဆိုတာကို မမြင်ကြတော့တာပါပဲ။
  3. Negative ဖြစ်တဲ့ ခံစားမှုတွေကို မသိနိုင်၊ မမြင်နိုင်၊ မခံစားနိုင်တာနဲ့အမျှ၊ postive ဖြစ်တဲ့ခံစားမှုကိုသာ မရရအောင်ရှာဖွေနေတဲ့ စိတ်ခံစားမှုရဲ့ ထောင်သားတစ်ယောက်လိုဖြစ်လာပါတယ်။
  4. ရွေးချယ်စရာတွေများလာလေလေ ကျွန်တော်တို့ဘဝတွေဟာ ပိုပို ခက်ခဲလာလေလေပါပဲ။

တကယ့် လွတ်လပ်မှုဟာ ကိုယ့်ကိုယ်ကို ချုပ်တီးနိုင်ခြင်းပါပဲ။ ကိုယ့်ဘဝအတွက် ဘာတွေလိုသလဲ ရွေးချယ်နိုင်စွမ်းမဟုတ်ပဲ ဘာတွေကို စွန့်လွှတ်မလဲလို့ ရွေးချယ်နိုင်စွမ်းပါ။


Chapter 9

Final Religion လို့ နာမည်ပေးထားတဲ့ ဒီ နောက်ဆုံး Chapter က တော့ AI တွေအကြောင်းပြောသွားတာပါ။ ဒီ တစ်ပိုင်းကိုတော့ ကျွန်တော်ဘာသာပြန်မနေတော့ပါဘူး။ (ကျွန်တော့်စိတ်ထဲမှာ နည်းနည်း အတွေးလွန်နေတယ်လို့ထင်မိလို့ပါ) စိတ်ဝင်စားရင် ကိုယ့်ဟာကိုယ်သာ စာအုပ်ဝယ်ဖတ်ကြည့်လိုက်ကြနော်။

အဆုံးထိပြီးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။